Please Download Unicode Standard Myanmar Fonts To View this Blog!

ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၂)

အပိုင်း (၂)

ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ (Unicode Standard Myanmar Fonts)

(ဃ) မိုင်မြန်မာ (MyMyanmar)

Technomation Studio ဟု အမည်တွင်သော တက်ကြွသည့် လူငယ်များနှင့် ဖွဲ့စည်းထားသည့် မြန်မာ အိုင်တီကုမ္ပဏီ တစ်ခုမှ ၂၀၀၅- ခုနှစ်တွင် မိုင်မြန်မာ ယူနီကုဒ် စနစ် ၄.၁ (MyMyanmar Unicode System 4.1)ကို တီထွင်ဖန်တီး နိုင်ခဲ့သည်။ ကိုယ်ပိုင် ဖောင့်ထ်၊ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် တို့ဖြင့် သားသားနားနား ထွက်ရှိလာခဲ့သော မိုင်မြန်မာသည် ယူနီကုဒ် ၏ ထိုအချိန်က စံနှုန်းများကိုလည်း အတိအကျ လိုက်နာထားကြောင်း သိရှိရပြီး အခမဲ့ နှင့် ရောင်းချသော ဗားရှင်း ဟူ၍ ၂-မျိုး ရှိခဲ့သည်။ စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြသည့် အသုံးပြုသူများအား မိုင်မြန်မာ၏ ထိုစဉ်က အခမဲ့ဗားရှင်းက ကွန်ပြူတာ အတွင်း ထည့်သွင်း အသုံးပြုပြီး ပြန်လည် ထုတ်ပယ်ရန် ခွင့်မပြုခြင်း၊ ရယူ အသုံးပြုရန် လွယ်ကူမှု မရှိခြင်း ဟူသော အချက်များနှင့် ပြန်လည် တုံ့ပြန်ခဲ့သဖြင့် ကွန်ပြူတာ အသုံးပြုသူတို့ မြန်မာ ယူနီကုဒ် စနစ်တစ်ခု အပေါ် မျှော်လင့်ချက်များ ညှိုးမှိန်ကာ တစ်ဖန် လက်မှိုင်ချ ခဲ့ကြရ၏။

မြစေတီ ပြီးနောက် မြန်မာ လူမျိုးများ ဖန်တီးသော ယူနီကုဒ် စနစ်များထဲတွင် အသပ်ရပ်ဆုံး နှင့် ကိုယ်ပိုင် အဖြစ်ဆုံး ယူနီကုဒ် ဖြစ်သော်လည်း မိုင်မြန်မာသည် အထက်တွင် ပြဆိုခဲ့သော မြစေတီယူနီကုဒ် မှ အမှားကိုပင် ထပ်မံ သယ်ဆောင် လာခဲ့ပြန်၏။ ၎င်းကား စီးပွားရေး လုပ်ငန်းသုံးများ အတွက်သာ အဓိက ရည်ရွယ်ထားခြင်း ဟူသော အချက် ဖြစ်သည်။ ၂၀၀၇- ခုနှစ်တွင် ထပ်မံ ထွက်ရှိလာခဲ့သော မိုင်မြန်မာ ဒုတိယမျိုးဆက် (MyMyanmar2G) သည် မြန်မာ စကားလုံးများ စစ်ဆေးခြင်း၊ ဘားဂလစ်ရှ် အဘိဓာန် ( မြန်မာစာအသံထွက်ကို အင်္ဂလိပ် စာလုံးဖြင့် ပေါင်းပြီး ရှာဖွေ အသုံးပြုနိုင်သော စနစ် )၊ ကိုယ်ပိုင် ကီးဘုတ်၊ ကိုယ်ပိုင်ဖောင့် နှင့် ကီးဘုတ်တွင် ရိုးရိုးလက်ကွက် တစ်မျိုး၊ စာလုံးများအား အသံထွက် အလိုက် ရိုက်နိုင်သော ပန်းသီး ကွန်ပြူတာသုံး လက်ကွက် တစ်မျိုး စသဖြင့် တိုးတက် ထည့်သွင်း ပါရှိခဲ့သော်လည်း ယခင်ဗားရှင်း အတိုင်းပင် ထည့်သွင်းပြီး ပြန်လည် ဖြုတ်ချ မရသော ပြဿနာများ ၊ အခြား ယူနီကုဒ်များ နှင့် ယှဉ်တွဲ အသုံးပြုမရသော ပြဿနာများ၊ စီးပွားရေး သုံးအတွက်သာ အဓိက ရည်ရွယ်ထားခြင်း စသော ပြဿနာများဖြင့် အသုံးပြုသူများ ကြားတွင် စိတ်မသက်သာဖွယ် ဖြစ်ခဲ့ရ ပြန်သည်။

(င) အခြား မြန်မာ ယူနီကုဒ်များ နှင့် မြန်မာယူနီကုဒ် ဖွံ့ဖြိုးရေး ပရောဂျက်များ (Other Myanmar Unicode Fonts & Myanmar Unicode Development Projects)

ထိုသို့ မြန်မာယူနီကုဒ် ကို တည်တည်တံ့တံ့နှင့် မြန်မာအားလုံး အလွယ်တစ်ကူ အသုံးပြုလာနိုင်ရေး ကြိုးပမ်းမှုများ တွင် အောက်ပါ မြန်မာ ယူနီကုဒ် များ နှင့် အဖွဲ့အစည်းများလည်း မိမိနည်း မိမိဟန်ဖြင့် ပါဝင်ကြိုးပမ်း ခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။

၁။ ပိတောက် မြန်မာယူနီကုဒ် ဖောင့်ထ် - မြန်မာ လူမျိုး မဟုတ်သော Martin နှင့် Debbi Hosken တို့မှ ဖန်တီး ထုတ်လုပ်ပြီး ယူနီကုဒ် ၅.၁.၀ နှင့် ကိုက်ညီမှုရှိကာ Keyman Keyboard အသုံးပြုထားသော စီးပွားရေး လုပ်ငန်းသုံး အတွက် ပိုမို ရည်ရွယ်ထားသည့် ပိတောက်ဖောင့်ထ် ကို သံလွင့်ဆော့ဖ် စာမျက်နှာ တွင် သွားရောက် လေ့လာနိုင်သည်။

၂။ ပုရပိုဒ် မြန်မာယူနီကုဒ် ဖောင့်ထ် - မြစေတီ ကို ထုတ်လုပ်သော Solveware Solution Company မှပင် တီထွင် ထုတ်လုပ် ဖြန့်ချီပြီး GPL နှင့် Creative Common License များအောက်တွင် အခမဲ့ ဖြန့်ချီသည်ဟု ပုရပိုဒ်၏ ဝဘ်စာမျက်နှာ တွင် ဖော်ပြထားသည်။

၃။ မေခ နှင့် မလိခ ဖောင့်ထ်များ - ယူနီကုဒ် စံသတ်မှတ်ချက် ၄.၁ နှင့် ကိုက်ညီပြီး Solveware Solution မှ ထုတ်လုပ်ဖြန့် ချီသော စီးပွားရေး လုပ်ငန်းသုံး (အခမဲ့ မဟုတ်) အမျိုးအစားဖြစ်သည်။

၎။ ယူနီမြန်မာ နှင့် ယူနီဘားမား ဖောင့်ထ်များ - အဖွဲ့ဝင် ငါးဦးပါရှိပြီး ယူနီမြန်မာနှင့် ယူနီဘားမား အမည်ရှိ စွယ်စုံသုံး (Cross Platform- Windows, Mac OS, Linux) မြန်မာ ယူနီကုဒ် စနစ်တစ်ခု ဖြစ်လာစေရေး လေ့လာမှုများ ပြုလုပ်နေကြသော ယူနီမြန်မာ အဖွဲ့မှ ထုတ်လုပ် ဖြန့်ချီပြီး တန်ဖိုး အခမဲ့ ဖြစ်သည်။

၅။ ပုည ယူနီကုဒ် ဖောင့် - ၎င်း၏ မူလ စာမျက်နှာကို လတ်တလောတွင် ဝင်ရောက် ကြည့်ရှုမရ ဖြစ်နေပြီး ဖောင့်ထ် ကို ဒေါင်းလုဒ် လုပ်ရန် အတွက်လည်း ပိတ်ပင်ထားကြောင်း တွေ့ရှိရသည်။ ယခင်က ပုည ယူနီကုဒ်ကို မြန်မာ ဘလော်ဂါ တို့ စတင် စမ်းသပ် သုံးစွဲခဲ့ကြသေးကြောင်း အထောက် အထား တစ်ရပ်အဖြစ် ကိုမောင်လှ၏ ဘလော့ဂ်စာမျက်နှာ တွင် သာ ဝင်ရောက် ဖတ်ရှုနိုင်တော့ကြောင်း တွေ့ရှိရသည်။

၆။ မြန်မာဘာသာစကား နည်းပညာ - မြန်မာတတ်သိများ (MM Geeks Fourm) အဖွဲ့၏ “မျက်နှာစာ ဝဘ်စာမျက်နှာ” (Portal WebPage) တစ်ခုဖြစ်ပြီး မြန်မာ ယူနီကုဒ်များ အတွက် တစ်ခုမှ တစ်ခုသို့ လွယ်ကူစွာ ပြောင်းလဲရန် ကွန်ဗာတာ ဆော့ဖ်ဝဲရ်များ၊ ဘားဂလစ်ရှ် (Burglish) ခေါ်သည့် မြန်မာ အသံထွက်ကို အင်္ဂလိပ် လို တိုက်ရိုက်ရိုက်ပြီး မြန်မာစာလုံးများ ကို မိမိစိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်သော ဆော့ဖ်ဝဲရ်များ၊ Keyman ခေါ် လက်ကွက် အကူ ဆော့ဖ်ဝဲရ်များ စသဖြင့် ကွန်ပြူတာသုံး မြန်မာစာ စနစ်များ အတွက် မိမိတို့ဝါသနာ အလျောက် အထောက်အကူပြု ပရောဂျက်များ ဖြင့် စုပေါင်း တီထွင်မှုများ ပြုလုပ်ကာ အခမဲ့ ဖြန့်ချီပေးနေသော အဖွဲ့တစ်ခု ဖြစ်သည်။ မြန်မာဘာသာစကား နည်းပညာ အဖွဲ့၏ ထင်ရှားသော လေ့လာမှု တစ်ခုအဖြစ် ယခု လက်ရှိ မြန်မာယူနီကုဒ် အသီးသီးတို့၏ ကွဲလွဲနေမှုများအား နှိုင်းယှဉ် ပြသထားသော Myanmar Unicode Implementation Public Awareness Table  အမည်ရှိ ဤဇယား အား ညွှန်းဆိုလို၏။

×××××××××××××××××××××××××××××××

ဆောင်းပါး ပေါင်းချုပ် ဖတ်ရှုရန်!

ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ ဆောင်းပါးများ အပါအဝင် ကျွန်တော်ရေးခဲ့သမျှ ယူနီကုဒ် နှင့် မြန်မာ ဖောင့်ထ် အကြောင်းများ အားလုံး နှင့် အပြီးသတ် နှင့် သုံးသပ်လေ့ချက်ဆိုင်ရာ နိဂုံးအပိုင်းကို ဖတ်ရှုရန် အတွက် ဆောင်းပါး ပေါင်းချုပ်ကို စာတမ်း တစ်စောင် သဖွယ် ပြုစုထားသော ယူနီကုဒ်မြင်းရိုင်းနှင့် ဘိုင်နရီခေတ်လွန် မြန်မာစာ ယဉ်ကျေးမှု စာတမ်းအား ဤနေရာတွင် အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ်၍သော်လည်းကောင်း၊ အွန်လိုင်းပေါ်တွင်ပင် လည်းကောင်း ဖတ်ရှုနိုင်ရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ရည်ညွှန်း ကိုးကား

(က)  မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ (Myanmar NLP References, Opentype Fonts By Myanmar NLP, ThanLwinSoft, MyMyanmar)

(ခ) မြန်မာ ယူနီကုဒ် ဖောင့်ထ် များ နှင့် ပရောဂျက်များ (Myanmar NLP Projects, MyaZedi, MyMyanmar, ThanLwinSoft, Zawgyi, Alpha MandalayUniBurma Project, UniMMKeyMagic Project, MMLT Progects )

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

6 Responses to “ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၂)”

  1. လေ့လာတင်ပြသွားတာကောင်းပါတယ်။ AP တို့မသိတာတွေ သိခွင့်ရလိုက်တယ်။ ကျေးဇူးဗျို့ :) :D

  2. စာတွေအားလုံးလဲ ဖတ်သွားတယ်၊ မရောက်ဖူးတဲ့နေရာတွေလဲရောက်သွားတယ်၊ စာအုပ်ပါ ဒေါင်းလုဒ် လုပ်သွားတယ် အစ်ကိုရေ .. :)

  3. Happy new yaer ကိုမှော နှစ်သစ်မှာ ပျော်ရွှင်ခြင်းတွေဆိုက်ရောက်ပါစေ :)

  4. ကိုမှော်ရေ… မင်္ဂလာနှစ်သစ်ဖြစ်ပါစေသားဗျာ… ပျော်ရွှင်ပါစေ.. ပိုစ်လေးကိုလဲ သေချာဖတ်သွားတယ်ဗျာ..

  5. ဒီစာတမ်းကို ဆရာမင်းကျော်ဆီက ယူပြီးတော့ ပရင့်ထုတ်ြီ့းကို ဖတ်ဖြစ်ပါတယ်။ လေးစားပါတယ်။

  6. အင်မတန် ကောင်းတဲ့စိတ်ကူးပဲဗျို့။ ကျွန်တော်လည်း ပြောင်းလဲဖို့ ကြိုးစားနေပါတယ်ဗျို့။ အချိန်မရှိသေးလို့ပါ။

    တကယ်ဆို မြန်မာဘလော့ဂ် တိုးတက်ရေးအတွက် မြန်မာဘလော့ဂါတွေပဲ စရာမှာပဲလေ။ အဲဒီတော့ သွားနှင့်ဗျာ။ ကျွန်တော်တို့လိုက်လာခဲ့မယ်။

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>