Please Download Unicode Standard Myanmar Fonts To View this Blog!

ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၁)

အပိုင်း (၁)

ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ (Unicode Standard Myanmar Fonts)

(က) မြစေတီ

Myanmar Computer Fonts

Myanmar Computer Fonts

၁၉၉၉ ခုနှစ်မှ စတင်ကာ ယူနီကုဒ် အဖွဲ့အစည်းမှ သတ်မှတ် ပေးထားသော စံအတွင်း မြန်မာစာလုံးများ ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် သံလွင်ဆော့ဖ် မှ ပိတောက်မန္တလေး ပရောဂျက် အစရှိသော မြန်မာယူနီကုဒ် အကောင်အထည် ဖော်ရေး အဖွဲ့များ စတင် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်မှု မရရှိခဲ့ကြပဲ ၂၀၀၂ ခုနှစ်တွင်မှ (ဦး) ငွေထွန်း (Solveware Solution) မှ မြစေတီ ယူနီကုဒ် ကိုတီထွင် နိုင်ခဲ့ကာ etrademyanmar.com တွင် စတင်အသုံးပြုနိုင်ခဲ့သည်။ ယူနီကုဒ်၏ စံသတ်မှတ်ချက်များနှင့် အနီးစပ်ဆုံး ကိုက်ညီသော ပထမဦးဆုံး မြန်မာယူနီကုဒ်ဖောင့်ထ် ဖြစ်ပြီး အခမဲ့ နှင့် ဝယ်ယူ အသုံးပြုနိုင်သော ဗားရှင်း ဟူ၍ ၂-မျိုးရှိကာ မြန်မာ ဝဘ်လောက တွင်မူ တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။

ယူနီကုဒ် အကြောင်း ထဲဝင်၊ ကျယ်ပြန့်စွာ ပညာပေးမှုများ၊ ပြည်တွင်း၌ပင် ယူနီကုဒ် အကြောင်း ကျယ်ပြန့်စွာ လေ့လာမှုများ မပြုလုပ်နိုင်သေးမှီမှာပင် မြန်မာ ယူနီကုဒ်စနစ် တစ်ခုကို အစောဆုံး တီထွင် အသုံးပြုနိုင်ခဲ့ခြင်းသည် မြစေတီ ယူနီကုဒ်စနစ် အတွက် သမိုင်း မှတ်တိုင် တစ်ခုသဖွယ် ဖြစ်သော အောင်မြင်မှုကြီး ဖြစ်ပြီး ၎င်းနောက်မှ နေ၍ အခြေခံ အုတ်မြစ်သဖွယ်ဖြစ်သည့် မြန်မာယူနီကုဒ် စနစ်အား တစ်ပြည်လုံး ကျယ်ပြန့်စွာ အသုံးပြုလာနိုင်ရေး အတွက် နေရာတိုင်းတွင် အခမဲ့ ဖြန့်ဝေခွင့်ပေးခြင်း၊ အသုံးပြုနည်းများ၊ ပိုမို ကောင်းမွန်သော ဗားရှင်းများ အတွက် ထပ်မံ တိုးတက် (Develop) ထုတ်လုပ်နိုင်ရန် အခြေခံ သီအိုရီများ ဖြန့်ဝေ ပညာပေးခြင်း၊ ထိုမှ တစ်ဆင့် ပထမဆုံးသော မြန်မာယူနီကုဒ် ဖြစ်သည်နှင့် အညီ မြစေတီအား အနည်းဆုံး ပြည်တွင်း အဆင့် ခိုင်မာတိကျသော စံသတ်မှတ်ချက် တစ်ခုဖြစ်လာအောင် ကြိုးပမ်းနိုင်ခြင်း မရှိခဲ့ပဲ ဦးစွာ စီးပွားရေး လုပ်ငန်းသုံးရန် အဓိကထား ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ခြင်း တို့သည်ကား မြစေတီ အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်များ ဖြစ်လာခဲ့သည်။ ထို အတွက် ထင်သာမြင်သာ ရှိလှသော ဥပမာ တစ်ခုကား “လယ်သမား ကောင်းဟူသည် လယ်မြေကို ညက်စွာ ထွက်ယက်ပြီးမှ မျိုးစေ့၊ မျိုးပင် တို့ကို စနစ်တကျ စိုက်ပျိုးအပ်ခြင်း” ဟူသော ဥပမာ ဖြစ်ပေလိမ့်မည်။ မြန်မာတို့ အတွက် အလွန့်အလွန် အခြေခံကြီးဖြစ်သော၊ လယ်မြေနှင့် တူသော မြန်မာစာ အတွက် ယူနီကုဒ်စနစ် ကို မှ အားလုံး အကျွမ်းတဝင် ကြေညက်စွာ အသုံးမပြု နိုင်ကြသေးမှီ ၎င်းမှ ထပ်မံ ပေါက်ရောက် ထွက်ရှိ လာမည့် သီးပင်၊ စားပင် တို့အား အောင်မြင်စွာ သီးပွင့် ဆွတ်ခူးရန် အတွက် မျှော်လင့်ခြင်း ပြုနိုင်အံ့ မထင်ပေ။

(ခ) မြန်မာ - ၁၊ ၂၊ ၃ (Myanmar1, 2, 3)

မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ် ၏ ကြီးကြပ်မှုဖြင့် မြန်မာစာ စနစ် အကောင်အထည်ဖော်ခြင်း အဖွဲ့ (Myanmar Unicode and National Language Processing Research Center – MyanmarNLP) အား ၂၀၀၂-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ MyanmarNLP အဖွဲ့မှ Myanmar1, Myanmar2 နှင့် Myanmar3 ယူနီကုဒ် ဖောင့်ထ် များကို အများပြည်သူတို့ အခမဲ့ သုံးစွဲရန် အတွက် အဆင့်ဆင့် တီထွင်နိုင်ခဲ့ပြီး နောက်ဆုံး ထုတ် ယူနီကုဒ် ဗားရှင်းမှာ ရတနာပုံ ဆိုက်ဘာမြို့တော် ဖွင့်ပွဲ (၁၄.၁၂.၂၀၀၇) တွင် ဖြန့်ချီခဲ့သော Myanmar3 ဖြစ်သည်။ ၎င်း Myanmar3 ဖောင့်ထ် အား နိုင်ငံတကာ စံပြုအဖွဲ့အစည်း (ISO) ၏ စံနှုန်းသတ်မှတ်ချက်များ အတိုင်း ထုတ်လုပ်ထားသည်ဟု သိရပြီး မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် စနစ်၊ ပန်းသီး ၏ OS စနစ်နှင့် Linux စနစ်များတွင်ပါ အသုံးပြုနိုင်လိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားကာ မြန်မာ ကွန်ပြူတာ အသုံးပြု သူများ အတွက် ထပ်မံ စောင့်ကြည့် လေ့လာရမည့် ယူနီကုဒ် တစ်ခုအဖြစ် ဆက်လက် တည်ရှိနေ၏။

Myanmar NLP မှ ထုတ်လုပ်ဖြန့်ချီသော ဖောင့်ထ် ဒီဇိုင်းနှင့် လက်ကွက်များကို အသုံးပြုရန် မြန်မာ-၁၊ မြန်မာ-၂ နှင့် မြန်မာ-၃ တို့ အတွက် ကိုယ်ပိုင် Open Type ဖောင့်ထ် များနှင့် လက်ကွက်မြေပုံဖိုင် တစ်ခုစီ ကိုယ်ပိုင် တီထွင် ပါရှိပြီး နောက်ဆုံးထုတ် မြန်မာ-၃ ဖောင့်ထ် ကို မိမိ ကွန်ပြူတာ တွင်ထည့်သွင်းပြီး လက်ကွက် အသုံးပြုနိုင်ရန် အတွက် Tavultesoft Keyman (Home Free Version) ကို အသုံးပြုထားသည်။ လက်ရှိ နောက်ဆုံးထုတ် Myanmar3 ဖောင့်ထ် သည် ယူနီကုဒ်၏ နောက်ဆုံး စံသတ်မှတ်ချက် ၅.၁.၀ နှင့် ကိုက်ညီအောင် ပြုပြင်ထားသည် ဟုသိရှိရပြီး Myanmar NLP ၏ ဝဘ်ဆိုဒ်တွင်မူ ပထမဦးဆုံးထုတ် ဗားရှင်းဖြစ်သော မြန်မာ-၁ ကိုသာလျင် Standard Version အဖြစ် ဖော်ပြထားသေးသည် ကို တွေ့ရှိရသည်။

ယူနီကုဒ်၏ စံသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိပြီး အစိုးရမဟုတ်သော၊ မြန်မာ ယူနီကုဒ်ကို လေ့လာဖွံ့ဖြိုးမှုများ ပြုလုပ်နေသော အဖွဲ့များ အနက် တာဝန်အရှိဆုံး ဖြစ်သော အမျိုးသား စီမံကိန်း အဖွဲ့တစ်ခုမှ ထုတ်ဝေသော အခမဲ့ ဗားရှင်း ဖြစ်သော်လည်း မြန်မာ ၁၊ ၂၊ နှင့် ၃ ဖောင့်ထ် တို့ကို အသုံးပြုသူ နည်းပါးခဲ့ကြ၏။ အကြောင်းရင်းမှာ အဆိုပါ ယူနီကုဒ် စနစ်၏ (ယူနီကုဒ် စနစ်ကို အတိအကျ လိုက်နာထားသော စနစ်ဖြစ်သည့် အလျောက်) အသုံးပြုရာတွင် ရှုပ်ထွေးမှုများ အနည်းငယ် ပါရှိနေခြင်း ၊ ဗားရှင်း တစ်ခုနှင့် တစ်ခု အပြောင်းအလဲများ ကြားတွင် စံပြုသတ်မှတ်မှုများ ကွာဟချက် ကြီးမားနေခြင်း၊ ဖောင့်ထ် ပုံစံ သေသပ်မှု အနည်းငယ် လိုအပ်နေခြင်း နှင့် နောက်ဆုံး Myanmar NLP ကိုယ်တိုင် အဆိုပါ Myanmar 1, 2, 3 Font များကို အသုံးပြုသူများ မြန်ဆန်စွာ လက်ခံ အသုံးပြု လာနိုင်စေရေး အတွက် ကျယ်ပြန့်စွာ စည်းရုံး လှုံ့ဆော်မှုများ မပြုလုပ်နိုင်ခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရသည်။ (မြန်မာ-၁ [၂၀၀၆] မထွက် မှီ ဇော်ဂျီ-၁ [၂၀၀၅] ထွက်ရှိခဲ့ပြီး တွင်ကျယ်ခဲ့မှု ကလည်း အဓိက အကြောင်း တစ်ရပ် ဖြစ်ဖွယ် ရှိသည်။)

အငြင်းပွားဖွယ် ပြဿနာများ ရှိနေသော်ငြားလည်း လက်ရှိ Myanmar 1,2,3 Unicode Font များသည် ယူနီကုဒ် အကျိုးတူ အဖွဲ့အစည်း ကြီးမှ သတ်မှတ်ထားသော ကမ္ဘာသုံး ယူနီကုဒ် စနစ်၏ မြန်မာစာ အတွက် စံနှုန်းများကို အတိကျနိုင်ဆုံး ဖြစ်အောင်နှင့် မြန်မာစာ ရေးထုံးများအတိုင်း လိုက်နာပြီး ရေးသား အသုံးပြုနိုင်ရန် တီထွင်ဖန်တီး ထားသည်ကို တွေ့ရှိရကာ (ဥပမာ - န ငယ် ၂-မျိုး၊ န နှင့် န၊ ရ ရစ် ၄-မျိုး၊ြြြြ    ၊ တစ်ချောင်းငယ်၊ နှစ်ချောင်းငယ် ၂-မျိုးစီ၊ုူ  စသည်တို့ သတ်မှတ်ထားခြင်း မရှိပဲ အသုံးပြုသော စကားလုံးနှင့် အသုံးပြုပုံ ကိုလိုက်၍ ကီးတစ်ခုတည်းကို ရိုက်နှိပ်ရုံဖြင့် အလိုအလျောက် ပြောင်းလဲအောင် ဖန်တီးထားခြင်း . စသည်…)  တရားဝင် အနေအထား တစ်ခုအတွက် အသုံးပြုရန် မူရင်း ဆော့ဖ်ဝဲ ကို မြန်မာဘာသာသို့ ပြန်ဆို ရေးသားသူများ၊ ဝဘ်ဆိုဒ် ဖန်တီး ရေးသားသူများ စသူတို့ အနေဖြင့် ပြည်တွင်းမှု ပြုခြင်း (WordPress & Joomla စသည့် အခြေခံ ဆော့ဖ်ဝဲရ် အထုပ်များကို မြန်မာဘာသာ ဖြင့် အလွယ် အသုံးပြုနိုင်ရန် ပြန်ဆိုခြင်း စသည်…)၊ အခြားသော မြန်မာဘာသာသို့ ပြန်ဆိုခြင်း (Officially Localizations For Software  & Web Development ) စသည့် လုပ်ငန်း ဆောင်တာတို့အတွက် အလွယ် တစ်ကူ အခမဲ့ ရရှိနိုင်သော မရှိမဖြစ် နှင့် မသုံးမဖြစ် သုံးရမည့် မြန်မာ ယူနီကုဒ် ဖောင့်တစ်ခု ဖြစ်သည် ဆိုခြင်းကိုမူ ငြင်းပယ်ဖွယ် မရှိပါချေ။

(ဂ) ဇော်ဂျီ (ZawGyi )

လက်ရှိ  မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (End Users) နယ်ပယ်တွင် အောင်မြင်မှု အရှိဆုံး၊ ကျယ့်ပြန့်စွာ အသုံးချမှုအများဆုံး၊ ဖောင့်ထ်၏ သေသပ်လှပမှုနှင့် အသုံးပြုရန် လွယ်ကူမှု အရှိဆုံး၊ အငြင်းပွားဖွယ်လည်း အဖြစ်ဆုံးသော ဇော်ဂျီ ဟု ခေါ်သည့် တစ်စိတ် တစ်ပိုင်း မြန်မာ ယူနီကုဒ်စနစ် (ZawGyi Myanmar Unicode Font) ကို မြန်မာ့ အိုင်တီ နယ်ပယ်မှ ပညာရှင် ငါးဦး ပါဝင်သော ဇော်ဂျီ အဖွဲ့ နှင့် အယ်လ်ဖာ မန္တလေး (Alpha Mandalay) တို့ ပူးပေါင်း၍ ယူနီကုဒ် ၄.၀ အပေါ်တွင် အခြေခံကာ၂၀၀၅ ခုနှစ် တွင် အခမဲ့ စတင်ထုတ်လုပ် ဖြန့်ချီခဲ့သည်။ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် ကို အသုံးပြုထားပြီး ပြုပြင်မှုများ၊ အသစ်ထပ်မံ ထုတ်လုပ်မှုများ အဆင့်ဆင့် နှင့် မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (အထူးသဖြင့် ဘလော်ဂါများ) လောကဝယ် လွယ်လင့်တစ်ကူ၊ ထိထိရောက်ရောက် ၊ အခမဲ့ အသုံးချနိုင်ခြင်း တည်းဟူသော အချိန်အခါ၏ လိုအပ်ချက်ကို အမိအရ ဆုပ်ကိုင်ကာ ဇော်ဂျီ မြန်မာယူနီကုဒ် သည် ၂၀၀၇ ခုနှစ်တွင် MCPA (Myanmar Computer Professional Association)  Excellent Award ဆုကို ရရှိသည် အထိ အောင်မြင်ခဲ့သည်။

ဇော်ဂျီ ယူနီကုဒ် ကို ၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ တွင် နောက်ဆုံး မွမ်းမံ ထုတ်လုပ်ခဲ့ကြောင်း ဇော်ဂျီ၏ ကိုယ်ပိုင် ဝဘ်ဆိုဒ် တွင် ဖော်ပြထားပြီး နောက်ဆုံးထုတ် ဗားရှင်းသည် မည်သည့် ယူနီကုဒ် ဗားရှင်းကို အခြေခံ ထားကြောင်း ကိုမူ ဖော်ပြထားခြင်း မရှိပေ။ လေ့လာသူ ပညာရှင်တို့၏ အလိုအရ ဇော်ဂျီ မြန်မာဖောင့်ထ် သည် အသုံး ပြုရန် လွယ်ကူမှု ရှိခြင်း နှင့် ဖောင့်ပုံစံ သေသပ် လှပခြင်းတို့မှ အပ အခြားသော ယူနီကုဒ်-၅.၁.၀ ၏ စံသတ်မှတ်ထားချက် များအား လိုက်နာရန် ကိုမူ အကြီးအကျယ် ပျက်ကွက်နေကြောင်း လေ့လာတွေ့ရှိရသည်။ ပမာအားဖြင့် ဆိုရလျင် ဇော်ဂျီသည် အထက်တွင် ဆိုခဲ့သည့် အတိုင်း ယူနီကုဒ် အဖွဲ့အစည်းမှ မြန်မာ အက္ခရာနှင့် တိုင်းရင်းသား အက္ခရာများ အတွက် ကုဒ်ပွိုင့်နေရာ သတ်မှတ်ချက်များကို မိမိလိုအပ်သလို အသုံးပြုထားပြီး အသုံးပြုသူများ(End Users) ၏ လိုအပ်ချက်များ ရှိနေချိန်တွင် အချိန်ကိုက် ထွက်ရှိလာခဲ့သော အစွမ်းထက် ဆေးမြီးတို ပမာ ဖြစ်လာခဲ့သည်။

ဇော်ဂျီအနေဖြင့် အနာဂတ်တွင် ထွက်ရှိမည့် ဗားရှင်း အသစ်များနှင့် ပတ်သက်၍ အရေးကြီး အဆင့်အတန်း သတ်မှတ်၍ လုပ်ဆောင်ရန်မှာ လက်ရှိ ဖြစ်ပျက်နေသည့် အသုံးပြုသူများ၏ အလွယ်လိုက်လိုခြင်း ဆန္ဒကို အခြေခံသည့် လတ်တလော တောင်းဆိုမှုများကို ငြင်းပယ်ကာ ယူနီကုဒ်၏ စံသတ်မှတ် ချက်များ အတိုင်း တိကျစွာ လိုက်နာထားသော ဖောင့်ထ်ပုံစံ နေရာချထားမှုများနှင့် မြန်မာစာ ရေးထုံးကို လိုက်နာမှုရှိသော လက်ကွက်ပုံစံသို့ တိုးတက် ထုတ်လုပ်ရန် သာဖြစ်သည်။ ထိုအချက်များ မပါရှိပဲ ဆက်လက်ထွက်ရှိမည့် ဗားရှင်း အသစ်များသည်လည်း ယခုအတိုင်းသာ ဖြစ်နေပါက ရေရှည်တွင် ကွန်ပြူတာသုံး မြန်မာစာ စနစ်အတွက် ကြီးမားသော အခက်အခဲ နှင့် အဟန့် အတား တစ်ခုအဖြစ် ပေါ်ပေါက်လာရန် မရည်ရွယ်ပဲ အားထုတ်နေမိ သကဲ့သို့ ရှိနေပေလိမ့်မည်။

ပုံ (၄) ယူနီကုဒ် ၅.၁.၀ တွင် သတ်မှတ်ထားသော မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ

Myanmar Characters in Unicode 5.1

Positions of Myanmar Characters in Unicode 5.1

ပုံ (၅) လက်ရှိ အသုံးပြုနေသော ဇော်ဂျီ မြန်မာ ယူနီကုဒ် ၏ မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ

Zawgyi Font Character Map

Character Map of Zawgyi Font

ပုံများ- ယူနီကုဒ် ၅.၁.၀ စံသတ်မှတ်ချက်များ နှင့် ဇော်ဂျီတို့၏ အသုံးပြုပုံ ကွဲလွဲနေခြင်းအား သရုပ်ပြပုံ

ယခုလက်ရှိ အနေအထားတွင်မူ ဇော်ဂျီသည် မြန်မာ ဘလော်ဂါများနှင့် အဓိက သတင်း ဝဘ်ဆိုဒ်ကြီးများ ကိုယ်တိုင် အလေးထား သုံးစွဲနေမှုတို့ကြောင့် မြန်မာတို့၏ ဝဘ်လောကတွင် လတ်တလော အနေဖြင့် အလွန့်အလွန်မှပင် အဆင်ပြေလျက် ရှိနေခြင်းမှာ အငြင်းပွားဖွယ် မရှိသော အချက်ဖြစ်သည်။ သို့သော် အမှန်တစ်ကယ် အပြည်ပြည်ဆိုင်ရာစံနှုန်း သတ်မှတ်ချက်များ အတိုင်း လိုက်နာထားသော လူသုံးများ ဆော့ဖ်ဝဲရ်များ၊ ပင်မ မောင်းနှင်စနစ်များ (Operating Systems)၊ ဝဘ်ဆိုဒ် ဖွံ့ဖြိုးခြင်း နည်းပညာများ (Web Development) ၊ ဘာသာစကား အဘိဓာန်များ (Lexicon)၊ အလိုအလျောက် ဘာသာပြန်ဆိုခြင်း(Machine Translation) လုပ်ငန်းများ တွင် အသုံးပြုရန် အတွက်ကား လွန်စွာမှ အလှမ်းဝေးလျက် ရှိပြီး လက်ရှိ ဇော်ဂျီကို အသုံးပြုနေသော ဝဘ်ဘလော့ဂ်များ၊ သတင်းဆိုဒ်ကြီးများ၊ တစ်ကိုယ်ရေ အသုံးပြုသူများ အနေဖြင့် မိမိ၏ လတ်တလော အဆင်ပြေမှုထက် ကျော်လွန်၍ ဇော်ဂျီ၏ အာမခံနိုင်မှု အဆင့်အတန်းအား အနာဂတ် ကာလအထိ စဉ်းစားရန်မှာ လွန်စွာမှ ပြုလုပ်သင့်သော အချက်တစ်ခု ဖြစ်သည်။ ထင်သာမြင်သာ အရှိဆုံး နှင့် အခြေခံ အကျဆုံး ဥပမာ ပေးရလျင် ယခု ကျွန်ုတို့ အနေဖြင့် ဂူဂဲယ်လ် ဘာသာပြန် စာမျက်နှာ သုံးပြီး ယူနီကုဒ် စံသတ်မှတ်ချက် အတိုင်း အသုံးပြုထားသော ဝဘ်စာမျက်နှာများအား တစ်ဘာသာမှ တစ်ဘာသာသို့ လွယ်ကူစွာ ပြောင်းလဲ ကြည့်ရှုနိုင်၏။ မကြာတော့သော ကာလတွင် ယူနီကုဒ် ၅.၁.၀ ကိုလိုက်နာသော မြန်မာစာ စနစ်အား အဓိက ဆော့ဖ်ဝဲရ် ကုမ္ပဏီကြီးများ ထည့်သွင်း အသုံးပြုလာကြပြီး သကာလတွင် လက်ရှိ ဇော်ဂျီသုံး ဝဘ်စာမျက်နှာများ အနေဖြင့် ကမ္ဘာအရပ်ရပ်ရှိ လူများ ထိုသို့ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ခွင့် ရပါမည်လော။ စဉ်းစားဖွယ် ဖြစ်၏။

×××××××××××××××××××××

ဆက်လက် ဖော်ပြပါမည်…

ရည်ညွှန်း ကိုးကား

(က)  မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ (Myanmar NLP References, Opentype Fonts By Myanmar NLP, ThanLwinSoft, MyMyanmar)

(ခ) မြန်မာ ယူနီကုဒ် ဖောင့်ထ် များ နှင့် ပရောဂျက်များ (Myanmar NLP Projects, MyaZedi, MyMyanmar, ThanLwinSoft, Zawgyi, Alpha MandalayUniBurma Project, UniMMKeyMagic Project, MMLT Progects )

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

10 Responses to “ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၁)”

  1. ဘာစာမှလဲ မရှိဘူး..။ :(

  2. Related Headlines တွေကိုပဲ ညွှန်းတာလား

  3. @ တစ်ခုခုတော့ မှားနေပြီဗျ. ဟုတ်တယ် . ကျွန်တော့်ဆီမှာတော့ အားလုံး အိုကေတယ်ဗျ။ အစ်မပြောတာနဲ့ သူငယ်ချင်းစက်မှာသွားကြည့်တော့ ဘာမှ မရှိဘူး ဖြစ်နေတယ်ဗျို့. ။ ဘာမှားနေလဲ မသိဘူး.။

  4. ကျွန်တော် ဆီကလဲ ဘာမှ မမြင်ရဘူး အစ်ကို :(

  5. ကျနော်ကောပဲ မမြင်ရဘူး ဟိုနေ့ထဲက ပြောမလို့ ကြောက်လို့ တိတ်တိတ်လေး ပြန်သွားတာ ။ :)

  6. I can’t see this post brother.
    Something wrong !!!!

  7. @ THS ၊ @ မောင်မျိုး၊ @ mmthinker - ဟုတ်တယ်ဗျိ့.. အားလုံးပဲ အဆင်မပြေဖြစ်သွားရတဲ့ အတွက် တောင်းပန်ပါတယ်ခင်ဗျား။ :) အခု ကျွန်တော် အဖြေရှာတွေ့သွားပါပြီ။ ပို့စ် အရမ်းရှည်နေလို့ ဖြစ်တာပါတဲ့။ အဲဒါနဲ့ ကျွန်တော် ပို့စ်ကို (၂) ပိုင်းခွဲပြီး ပြန်တင်ဆက်ပေးလိုက်ပါပြီ။ အားလုံး အဆင်ပြေကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။

    ဒုတိယပိုင်း ပို့စ်က ဒီမှာပါ။ (အမှန်တော့ ဒီပို့စ်တွေအားလုံးက စာတမ်းထဲမှာ ပါပြီးသားပါ။ ကျွန်တော် ဘလော့ဂ်မှာလည်း တိုက်ရိုက်ဖတ်လို့ရအောင်သာ ပြန်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။)

    http://mbl0gger.net/2008/12/unicode-standard-myanmar-fonts-2-2/

    အားလုံးပျော်ရွှင်စရာ နှစ်သစ်ကူးဖြစ်ကြပါစေခင်ဗျာ။

    ကျေးဇူး တင်ပါတယ်ခင်ဗျား။ :)

  8. အခုတော့ အားလုံးအိုကေ သွားပြီ ၊ နားထောင်ရတာ အပြင် အခုလို ဖတ်လိုက်ရတော့ ပိုပြီး ရှင်းရှင်းလင်းလင်း သိသွားတယ် အစ်ကို ၊ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ ။

  9. မှော်ဆရာရဲ့ အားထုတ်မှုကို ခုလိုမြင်ရအောင် အသံပေးခဲ့တဲ့ လေးမကို မုန့် ကျွေးသင့်တယ် ထင်တယ်..။

  10. ဖတ်လို့ရတော့ တစ်ခေါက် လာပြန်ဖတ်တယ်။

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>