ခေါင်းဆောင်မှု၏ အနက်အဓိပ္ပာယ်ကို ရှာဖွေခြင်း
Myanmar Entrepreneur Group အတွက် ကျွန်တော် ပထမဆုံး ရေးဖြစ်တဲ့ ဆောင်းပါး တစ်ပုဒ်ဖြစ်ပါတယ်။ ကျွန်တော့် ဘလော့ဂ်မှာပါ ထပ်ဆင့် ကူးယူ ဖော်ပြလိုက်ပါတယ်။
(က)
ခေါင်းဆောင်မှု သို့မဟုတ် Leadership ဆိုသော စကားလုံးကို နေရာ အတော်များများတွင် လူတိုင်း နီးပါးလောက် ကြားဖူးကြမည် ဖြစ်သည်။ နေရာဒေသ ကို လိုက်၍ ကြားပုံ ကြားနည်း ကွာခြားမည်။ အချိန်အခါနှင့် လူပုဂ္ဂိုလ် ပေါ် မူတည်၍ မြင်ပုံ မြင်နည်း ကွာခြားမည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်မှု ဆိုသော ဝေါဟာရ တစ်ရပ်သည် လူ့လောက၊ လူ့ အဖွဲ့အစည်း အတွင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရပ်တည် လုပ်ဆောင်နေကြသော လူစုလူဝေး၊ အဖွဲ့အသင်း နှင့် လူမျိုး၊ နိုင်ငံ အစရှိသည့် အရာအားလုံးတို့ အတွက် မရှိမဖြစ် အရေးကြီးသော အရာတစ်ခု ဖြစ်ခြင်းကိုမူ ကမ္ဘာဦးကတည်းက လူသားတို့ လက်ခံ လာခဲ့ကြပြီး ဖြစ်၏။
(ခ)
စာဆန်ဆန်၊ ဟိုအချက် ဒီအချက်များအား ကိုးကား မပြောမှီ ခေါင်းဆောင်ကောင်း တစ်ယောက်၏ အင်္ဂါရပ်များကို မိမိကိုယ်တိုင် မိမိ ဆန္ဒများပေါ်တွင် အခြေတည်၍ စိတ်ကူး သတ်မှတ် ကြည့်နိုင်သည်။
ပထမဆုံး အချက် အနေဖြင့် ခေါင်းဆောင်ဟူသည် အားလုံးတို့ထက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့တွင် အမြင် ကျယ်ပြန့် နှံ့စပ်သူ ဖြစ်ရမည်။ ယေဘူယျ ဆန်အောင် ပြောလိုက်ခြင်း ဖြစ်၏။ ဆိုလိုရင်းမှာ ခေါင်းဆောင် နှင့် ခေါင်းဆောင်လုပ်သူ အဖွဲ့အစည်း၏ သက်ဆိုင်ရာ နယ်ပယ်တွင် အမြင်ကျယ်ကျယ် ပြန့်ပြန့် ရှိရန်ကို ဆိုလိုခြင်း ဖြစ်သည်။ ခေါင်းဆောင်လုပ်သူ ကိုယ်တိုင်ကမှ နွားခြေရာခွက်ထဲလောက် ကို မျက်စိတစ်ဆုံး ကြည့်ရှုနေလျင် နောက်လိုက် အပေါင်းတို့ကား စုံလုံးကန်းရန်သာ ရှိတော့၏။
ဒုတိယ အချက်အနေဖြင့် မိမိသိသကဲ့သို့၊ မိမိမြင်သကဲ့သို့ အမြင်များအား မိမိနောက်လိုက် အပေါင်းတို့အား သိရှိနားလည် လာအောင်၊ မြင်တတ်၊ ကြည့်တတ်လာအောင် ပြောဟောခြင်း၊ သင်ကြား ပြသခြင်း၊ ကြည့်ရှု စောင်မခြင်း တို့အား ပြုလုပ်သင့်၏။ သို့မဟုတ်လျင် မိမိနှင့် နောက်လိုက်တို့ကြား အမြင် မတူညီမှုကြောင့် မည်သည့်အခါမှ နားလည်မှု၊ သဘောတူညီမှု ရရှိလိမ့်မည် မဟုတ်ပဲ ထို အဖွဲ့အစည်းသည်လည်း မည်မျှပင် အင်အားကြီးမားသည်ဖြစ်စေ စုံးစုံးမြုပ်၊ ကျရှုံး လိမ့်မည်သာ ဖြစ်၏။
တတိယ အချက်အနေဖြင့် ခေါင်းဆောင်ဟူသည် မည်သည့် အခြေအနေ၌ မဆို အဖွဲ့အစည်း၏ အကျိုးစီးပွား အပေါ်တွင် အမြဲသစ္စာရှိပြီး၊ အစဉ်သရွေ့ ရိုးသားဖြောင့်မတ်ကာ တည်ကြည်မှု ဂုဏ်သိက္ခာနှင့် ရဲရင့်ပြည့်စုံသူ ဖြစ်ရမည်။ အဖွဲ့အစည်း ဆိုရာတွင် Company တစ်ခုဆိုလျင်လည်း Company တစ်ခုအလျောက်၊ အဖွဲ့အသင်း ဆိုလျင်လည်း အဖွဲ့အသင်း အလျောက် နောက်ဆုံး နိုင်ငံ၊ ကမ္ဘာနှင့် ချီကာ သူ၏ တာဝန်ခံရမှု၊ တာဝန်ယူရမှု တို့အပေါ်တွင် မူတည်၍ အဆိုပါ အဖွဲ့အစည်း၊ မြို့ပြ၊ နိုင်ငံ၊ ကမ္ဘာ တစ်ခုလုံး အပေါ်တွင် ရဲရဲ ရင့်ရင့် သစ္စာရှိသူ ဖြစ်ရမည် ဟု ဆိုလို၏။ လိုတစ်မျိုး၊ မလိုတစ်မျိုး၊ လိုအပ်သလိုထားသော သစ္စာနှင့် ရိုးဖြောင့်မှုကို အသုံးချကာ ကိုယ်ကျိုးရှာခြင်း၊ သူရဲဘောကြောင်ခြင်းသည် ခေါင်းဆောင်သူ၏ အင်္ဂါရပ်မဟုတ်ပေ။
(ဂ)
ဤနေရာတွင် တစ်ချက်ကို မြှုပ်ထားခဲ့သည်ကို တွေးတောကြည့်နိုင်သည်။ အချို့သော ခေါင်းဆောင်မှု၏ အရည်အချင်းနှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုသူများက ခေါင်းဆောင်ဟူသည် အများ လေးစားဖွယ် ဖြစ်သော သူတစ်ဦး ဖြစ်ရမည် စသည်ဖြင့် သတ်မှတ်ကြသည် များကိုလည်း ဖတ်ရှုလေ့လာဖူးခဲ့၏။ အမှန်တွင် ရိုးသားဖြောင့်မတ်ခြင်း၊ မိမိ၏ သက်ဆိုင်ရာ လူ့ဘောင် အဖွဲ့အစည်းအပေါ်တွင် အမြဲသစ္စာရှိခြင်းနှင့် ကိုယ်ကျိုးမကြည့်၊ ရဲရင့်စွန့်စားခြင်း စသော အင်္ဂါရပ်များတို့ တစ်ဆက်တစ်စပ်တည်း ပြည့်စုံနေလျင်ပင် ထိုကဲ့သို့သော လူမျိုး၌ လူတိုင်းလေးစားဖွယ်ရာ အရည်အချင်းများ အလိုအလျောက် ရှိလာမည်မှာ မလွဲဧကန်ပင် ဖြစ်ပြီး ထိုကဲ့ သို့သော ခေါင်းဆောင် ကိုယ်၌လည်း လူတိုင်းအား သူ့သွေး၊ ကိုယ့်သား မခွဲခြားပဲ လေးစားစွာ ဆက်ဆံတတ်ခြင်း ဟူသော အရည်အချင်း တစ်ရပ် မုချရှိနေလိမ့် မည်ဖြစ်သည်။
ထိုမှတစ်ပါး မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချရန် နောက်လိုက်အဖွဲ့အစည်းနှင့် လူထု၏ လေးစားမှုကို ရရှိအောင် တမင်တကာ လုပ်ယူဖန်တီးခြင်းကား တစ်ဖက်မှ ပြန်စဉ်းစားကြည့်လျင် တစ်ဖက်လှည့်နှင့် လိမ်လည် လှည့်ဖျားဖို့ ကြိုးစားနေခြင်း ပင်ဖြစ်ပြီး ရည်ရွယ်ချက်မှာလည်း ကိုယ်ကျိုးအတွက်သာ ဖြစ်သောကြောင့် ထိုကဲ့သို့ လုပ်ယူသော လေးစားမှုသည်လည်း မည်မျှ ကြာမြင့်စွာ ခံလေမည်နည်း။ ထိုသို့သော လူမျိုးအားလည်း မည်သူက ခေါင်းဆောင်ဟု သတ်မှတ် လေမည်နည်း။
(ဃ)
အမှန်တော့ ခေါင်းဆောင် ဆိုသူများသည်လည်း တစ်သီးတစ်ခြားစီနှင့် တစ်မျိုးတစ်ဘာသာစီ ဖြစ်ထွန်းမွေးဖွားလာသူများ မဟုတ်ကြချေ။ ကိုယ့်ကိုယ်ကို ခေါင်းဆောင်ဟူ၍လည်း မည်သည့် အခါမှ သတ်မှတ်ထားခဲ့ကြသူများ မဟုတ်ကြ။ သူတို့၏ တမင်တကာ လျို့ဝှက်မထားသော လျှို့ဝှက်ချက်များကား အမြင်ကျယ်ပြန့်မှု၊ အစဉ်တစ်စိုက် ရိုးသားရဲရင့်မှု နှင့် ကိုယ်ကျိုးမရှာ လူ့အဖွဲ့အစည်း အပေါ်တွင် အမြဲ သစ္စာ စောင့်သိမှု တို့ပင် ဖြစ်ကြ၏။ အံ့သြဖွယ် မှန်ကန်ချက် တစ်ခုကား အထက်ပါ အချက်သုံးချက် ခန့်ကို လူတိုင်း အသေအချာ၊ ပယ်ပယ်နယ်နယ် လိုက်နာ ကျင့်သုံးနိုင်ကြမည်ဆိုလျင် လူတိုင်း ခေါင်းဆောင် များချည်း သာတည်း။ သို့ဖြစ်၍ ၎င်းကဲ့သို့သော အဖွဲ့အစည်းတွင် နောက်လိုက်ဘယ်မှာနည်း ဟု ဂွကျကျ လည်း ထပ်မံ မေးမြန်းရန် မလိုအပ်။ ထိုကဲ့သို့ လူတိုင်း တည်ကြည် ဖြောင့်မတ်ကာ၊ မိမိသက်ဆိုင်ရာ အဖွဲ့အစည်း၊ လူ့လောကအတွက် သစ္စာရှိသူ၊ ကိုယ်ကျိုးစွန့်လိုသူ ချည်းများသာ ဖြစ်ကြလျင် ထိုသို့သော လောက၊ အဖွဲ့အစည်းအတွင်း တွင် ခေါင်းဆောင်၊ နောက်လိုက်ဟူသည် ဝေါဟာရ တစ်ရပ်အဖြစ်သာ ကျန်ရှိလိမ့်မည် ဖြစ်ပြီး အခြားသော သူသာသည်၊ ကိုယ်နာသည်ဟူသည့် အယူအဆများ၊ အဓိပ္ပာယ်များ သာမန် လူ့အဖွဲ့အစည်းများ အတွင်းမှာကဲ့သို့ အဆိုပါ ဝေါဟာရများ နောက်မှ လိုက်ပါလာရန် မရှိတော့ပေ။
ထိုသို့သော လောက၊ အဖွဲ့အစည်း အတွင်းတွင် အချင်းချင်း လုပ်ကိုင်၊ ပြောဆို၊ ဆက်ဆံ ဆောင်ရွက် ရာတွင်လည်း လူတိုင်း၏ ထားရှိသော အခြေခံစိတ်ဓာတ်များ မြင့်မားမှုကြောင့် ခေါင်းဆောင်မှု ပေးသူနှင့် လိုက်ပါ လုပ်ဆောင်သူတို့ ကြားတွင် ကြီးမားသော ကွာဟ ချက်များ မရှိတော့ပဲ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစားမှု ဖြင့်သာ ပွင့်လင်း၊ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ကြ ပေလိမ့်မည်။ တစ်ခုတည်းသော ဘုံခံယူချက်နှင့် တစ်ကြောင်းတည်းသော ဘုံရပ်တည်ချက် ဖြစ်သည့် မိမိသက်ဆိုင်ရာ လူ့ဘောင် အဖွဲ့အစည်း၏ အကျိုးစီးပွား အပေါ်တွင် သစ္စာစောင့်သိမှု၊ ကိုယ်ကျိုးမငဲ့မှု ဟူသော အချက်က မည်သူ့ကို မဆို ခေါင်းဆာင် လုပ်ရသည်ဖြစ်စေ၊ နောက်လိုက် လုပ်ရသည်ဖြစ်စေ တူညီသော ကျေနပ်၊ ဝမ်းမြောက်၊ ဂုဏ်ယူမှု ကို ပေးစွမ်းလိမ့် မည်ဖြစ်၏။
(င)
သို့ဖြစ်ရာ ခေါင်းဆောင်မှု၏ နောက်ဆုံး အန္တိမ အဓိပ္ပာယ်ကား အသို့နည်း။ မိမိဦးဆောင်သော လူ့အဖွဲ့အစည်း တစ်ခုလုံးရှိ လူသား အားလုံးကို ခေါင်းဆောင်တို့၏ စိတ်ဓာတ် နှင့် ခေါင်းဆောင်တို့၏ အမူအကျင့်များ ရရှိ ဖြစ်ပေါ်လာအောင် လေ့ကျင့်၊ပြုစုပျိုးထောင်၊ ဦးဆောင်မှု ပေးခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့် ဆိုလို၏။ အရှင်းလင်းဆုံးနှင့်၊ အထင်ရှားဆုံး ဥပမာကား ရှိခဲ့ပြီးချေပြီ။ ကြီးကျယ်သော ခေါင်းဆောင် နှင့် မြင့်မြတ်သော အဖွဲ့အစည်း။
မည်သူတို့နည်း။ ငယ်မည် သိဒ္ဓတ္ထ ဟု တွင်သော ဂေါတမ ဗုဒ္ဓ နှင့် သူ၏ နောက်ပါ အဖွဲ့အစည်း တပည့်သာဝက သံဃာများ ပင်တည်း။ ဂေါတမ ဗုဒ္ဓ ကား သူတည်ရှိခဲ့ရာ ကာလ ဘီစီ - ၅၆၃ မှ ဘီစီ - ၄၈၃ ၊ သက်တမ်း - နှစ်ပေါင်း (၈၀) အတွင်း ဤ လောက၊ ဤ လူ့ဘောင် အတွင်း အအောင်မြင်ဆုံးနှင့် အငြိမ်းချမ်းဆုံး သော အဖွဲ့အစည်း တစ်ခုကို ဂရုဏာ၊ လေးစားမှု နှင့် ငြိမ်းချမ်းမှု တို့ကို အရင်းပြု၍ ခိုင်ခံ့စွာ ဦးဆောင်လမ်းပြ တည်ထောင် သွားခဲ့ချေသည်။ သူမြင်သကဲ့ သို့ သူဟောခဲ့သည်။ သူသိသကဲ့သို့ သူပြောခဲ့သည်။ မချွင်းမချန် အားလုံး အမှန်တရားများသာ ဖြစ်ကြောင်း။ သို့သော် သူလုပ်ခဲ့၊ သူဟောခဲ့သည် များကား သူ့ကိုယ်ကျိုးမဟုတ်၊ ခေါင်းဆောင် ဖြစ်လို၍ မဟုတ်။ လောက အကျိုး၊ အများ အကျိုး မျှသာ။ ထို့အပြင် သူပြောတိုင်း၊ ယုံကြည်လောက်သော သူပြောတိုင်း၊ စာထဲပေထဲ ပါသည်ဟုပြောတိုင်း မျက်စိမှိတ် ယုံစရာ မလို၊ ကိုယ်တိုင် လေ့လာ သုံးသပ်ပြီး၊ လက်ခံမှ ယုံ ဟူသော ရဲရဲတောက် ပြောကြားချက်များ အပါအဝင် သူဟောသော၊ သူပြောသော စကားများ အတွင်း၌ပင် သူကဲ့သို့သော ကြီးကျယ်၊ မြင့်မြတ်သူ ဖြစ်လိုလျင် ဖြစ်နိုင်သောနည်းများ ကလည်း ပါချေသေး၏။ မည်မျှလောက် ကြီးကျယ်သော ခေါင်းဆောင် ပါပေနည်း။
(စ)
အနှစ်ချုပ်ရလျင် ခေါင်းဆောင်မှု၊ ခေါင်းဆောင်၊ ခေါင်းဆောင် ကျင့်ဝတ် စသည့် အရာအားလုံးတို့သည် ကမ္ဘာတည်သရွေ့၊ လူ့ဘောင် အဖွဲ့အစည်းများ တည်ရှိသရွေ့ လူသားတို့၏ လိုအပ်ချက် အရ တည်ရှိနေကြ ဦးမည့် အရာများ ဖြစ်ကြ၏။ ဤနေရာတွင် ခေါင်းဆောင် လုပ်သူသည် ဦးစွာ မိမိကိုယ်တိုင် ကမ္ဘာ့ဆန်သော (တစ်ချိန်ချိန်တွင် စကြာဝဠာ ဆန်လာနိုင်ပြီး၊ ယခုပင် အစပျိုးနေချေပြီ) အမြင်မျိုး၊ အသိဥာဏ်မျိုး ရှိရန်လိုအပ်ပြီး မိမိသိသကဲ့သို့ မိမိ နောက်ပါ အဖွဲ့အစည်းသိရှိအောင်၊ မိမိမြင်သကဲ့သို့ မိမိနောက်လိုက် လူများ မြင်တတ်အောင် သင်ကြား၊ ဦးဆောင် လမ်းပြတတ်ရန် လိုအပ်မည် ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက် နှင့်မဆို လေးစားမှု ကို အရင်းခံသော လွတ်လပ်၊ ပွင့်လင်းသည့် ဆက်ဆံရေးမျိုး ထားရှိအပ်၏။ အဆုံးစွန်သော အဓိပ္ပာယ်ကား မိမိ၏ လူ့ အဖွဲ့အစည်းတစ်ခုလုံးကို ခေါင်းဆောင်တို့၏ အရည်အချင်းမျိုး နားလည်၊ ဖြစ်ပေါ် တည်ရှိလာအောင် ရည်ရွယ် လုပ်ဆောင် နိုင်သော လွန်စွာမှ ကြီးကျယ်မြင့်မြတ်သည့် ခေါင်းဆောင်မှုမျိုး ပေးခြင်းပင်တည်း။
မှော်ဆရာ
၀၅.၁၁.၂၀၀၈ (ဗုဒ္ဓဟူးနေ့)















Nov 9th, 2008 at 12:10 am
တစ်ကယ် ကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပဲ အစ်ကို…။ ဒါနဲ့ အစ်ကိုရေးထားတဲ့ ဆောင်းပါးထဲက ဒီစာသားလေးလို အခြေအနေမျိုးကနေ လွတ်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြပါ့?
“ခေါင်းဆောင်လုပ်သူ ကိုယ်တိုင်ကမှ နွားခြေရာခွက်ထဲလောက် ကို မျက်စိတစ်ဆုံး ကြည့်ရှုနေလျင် နောက်လိုက် အပေါင်းတို့ကား စုံလုံးကန်းရန်သာ ရှိတော့၏။”
Nov 10th, 2008 at 6:14 am
@ သိပ်ကောင်းတဲ့ မေးခွန်းပဲ ညီ. ကိုယ်တို့ ကွန်ပြူတာတွေမှာ Word Processor အဖြစ် သုံးတဲ့ Method တစ်ခု ရှိတယ်။ အတိုကောက်က WYSIWYG - တဲ့. အရှည် အားဖြင့်တော့ “What You See Is What You Get.” လို့ ခေါ်တယ်။ ဆိုလိုတာက အခုပြောမယ့်ဟာက ကွန်ပြူတာနဲ့တော့ မဆိုင်ပါဘူး။
ဒီနေ့ ကိုယ်တို့ တတွေလည်း အပေါ်က စကားလို ကိုယ်မြင်တာ၊ ကိုယ်ရတာပဲ လို့ သတ်မှတ်၊ အပြီးသတ် လိုက်ရုံနဲ့တော့ မပြီးဘူး လို့ ကိုယ်ထင်တယ်။ ကိုယ်က ရလိုက်ပြီးရုံနဲ့ ပြီးသွားတယ် ဆိုရင်တော့ တစ်မျိုးပေါ့။ အဲလို မဟုတ်ပဲ ကိုယ်ရတာကို ကိုယ်ပြန်ပေးဖို့ တာဝန်ရှိသေးတယ် ဆိုရင်တော့ ကိုယ်ရတာ ကောင်းကောင်း မကောင်း ဆက်ပေးလိုက်ဖို့ သင့်သလား၊ ဒါမမဟုတ် ကိုယ်ရတာ ကို သေသေချာချာလေး ကောင်းအောင် လုပ်ပြီးမှ ပေးသင့် သလား ဆိုတာ ကို ခွဲခြားပြီး တွေးထား လိုက်ရင်ပဲ ညီ စုံလုံးကန်းတဲ့ သူတစ်ယောက် မဖြစ် နိုင်တော့ဘူး လို့ ကိုယ်ယုံကြည်ပါတယ်။
Nov 11th, 2008 at 4:39 am
များများနားထောင်ပြီး အကျိုးအဆက်ကို တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်ကောင်းကြီးဖြစ်လာပါစေ မော်ဆရာရေ…
Nov 16th, 2008 at 5:01 am
@apprenticeship - ကျေးဇူးပါ AP ရေ..
Nov 17th, 2008 at 7:37 pm
မျှဝေပေးတဲ့ ကျေးဇူးပါကိုမှော်ဆရာရေ ခေါင်းဆောင်ဆိုတာ အပေါ်ယံကြည့်ရင် ကျေနပ်စရာတွေများပေမယ့် လက်တွေ့မှာတော့ မလွယ်ကူမှန်း ခေါင်းဆောင်ဖူးသူတိုင်း သိကြပါတယ်။
နိုင်ငံခေါင်းဆောင်မူ့ မဆိုနှင့် လက်တွေ့အသင်းအဖွဲ့ တွေမှာတောင် မလွယ်ကူလှပါ။ အားပေးလျှက်..
Nov 19th, 2008 at 6:27 pm
ခေါင်းဆောင်အဓိပ္ပါယ် တော်တော် လေးနက်တာပဲ။။။
ခေါင်းဆောင်နဲ့  အကြီးအကဲ ဆိုတဲ့ ဝေါဟာရက တော်တော် ကွာမှာပဲနော်…။
ဒီ ဆောင်းပါးဖတ်ပြီး… ဒါကြောင့် ဒီလို သုံးတာကိုးဆိုတဲ့ အဖြေလေး တွေ့ သွားတယ်..။
Nov 21st, 2008 at 12:57 pm
@ လျှပ်စစ် - မှတ်ချက်ချီးမြှင့်သွားတဲ့ အတွက် ကျေးဇူးပါ ကိုဝဏ္ဏရေ.. အားလုံး အဆင်ပြေ အောင်မြင်နိုင်ပါစေဗျာ
_____________________________
@ layma - အစ်မ ပြောမှပဲ ကျွန်တော် အဲဒီ အကြောင်းကို စဉ်းစားမိသွားတယ်။ စကားလုံးတွေ မှာတော့ သူ့ဟာနဲ့သူ အဓိပ္ပါယ်ရှိကြမှာပါပဲ။
Dec 1st, 2008 at 9:48 am
ဒီဆောင်းပါးလေး မိုက်တယ် ကိုမှော့်အတွေးက လူကြီးအရမ်းဆန်တယ်လို့ ပြောလို့ ရတယ် (အငယ်လေးရှိသေးတယ်ဆိုတာ သိလို့ ) အခွင့်သင့်ရင်တော့ ပေါ့ဆိမ့်တစ်ခွက်လောက်အတူတူသောက်ပြီး စကားတွေပြောခွင့်ရချင်တယ် ။
Dec 4th, 2008 at 1:04 pm
@ မောင်မျိုး - ညီမောင်မျိုးရေ- အမြဲလိုလို စာမူခ (ကောမန့်) ကောင်းကောင်း ချီးမြှင့်တတ်တဲ့ ညီ့ကို ကိုယ် အမြဲကျေးဇူးတင်နေမှာပါ။
ကိုယ်လည်း တစ်ရက်ရက်တော့ ညီပြောသလိုပဲ တစ်ဝိုင်းတည်းထိုင်ပြီး အေးအေးဆေးဆေး စကားပြောဖြစ်ဖို့ မျှော်လင့်မိပါတယ်။
အဆင်ပြေအောင်မြင်ပါစေ.
Dec 11th, 2008 at 3:31 pm
Yeah !!!
You all are future leader !!!
Be remember !!!
Leader are ideal person for follower
Dec 13th, 2008 at 11:38 am
Kidding me?
Anyway thanks for visiting & comment. Wish you all be fine in everything.