Please Download Unicode Standard Myanmar Fonts To View this Blog!
စိတ်ပြေလက်ပျောက်၊ ထွေရာလေးပါး နှင့် ဟိုတစ်စ သည်တစ်စ အတွေးစများ
စိတ်ပြေလက်ပျောက်
လွန်ခဲ့သော ၁၂ ရက်၊ ဧပြီလ ၂၀ ရက်နေ့ နှင့် ထိုအတောအတွင်း ကာလများအတွင်း စိတ်အနှောင့်အယှက် ဖြစ်စရာတို့ များလွန်းလှခဲ့၏။ သောကဖြစ်စရာ၊ နာလိုခံခက်စရာ နှင့် ဦးနှောက်စားစရာများက ဒုနှင့်ဒေး။ သာမန်အားဖြင့်လည်း ကျွန်တော့်ဘ၀ တစ်လျောက် ထိုအရာများက ပုံမှန်လိုလိုရှိနေကျ အရာများသာဖြစ်ခဲ့ပြီး ထိုကာလ အတွင်းကမူ သာမန်ထက်ထူးကဲစွာပင် ဒီရေအလား မြင့်မားခဲ့၏။
သို့အတွက် စိတ်ပြေလက်ပျောက် ပဲဖြစ်ဖြစ်ဆိုဆို၊ အပြောင်းအလဲ တစ်ခုပဲရရဟု ပြောပြော နေ့စဉ် ဘ၀ထဲတွင် ထမင်းစားသလို၊ အသက်ရှုသလို ပါဝင်နေသော ဘလော့ဂ်ဖတ်ခြင်း၊ ရေးခြင်းတို့ နှင့် ခပ်ဝေးဝေး နေကြည့်ဦးတော့မည် ဟုဆုံးဖြတ်ကာ နှုတ်ဆက်ကြောင်း ပြောခဲ့၏။ သို့သော်လည်း ထိုပို့စ် တင်ပြီး ပြဿနာများနှင့် နပန်းလုံးရင်း ဘလော့ဂ်ကို မကြည့်ပဲ ပစ်ထားလိုက်သည်မှာ ၇၂ - နာရီသာ ခံပါသည်။ ချည်နှောင်ခဲ့သော သံယောဇဉ်တို့ကား ခိုင်မြဲလှပေစွ။
ထို ၇၂- နာရီ လွန်မြောက်သော နေ့မှစ၍ ဘလော့ဂ်လည်၊ ဘလော့ဂ်ဖတ် ခြင်း ပြန်လုပ်လိုက်သည်မှာ ယနေ့အထိ နဂိုမူလအတိုင်း မပြောင်းမလဲသာ ပြန်ဖြစ်သွားတော့၏။ တစ်ခုရှိသေးသည်။ ပြဿနာများ ၊ ခေါင်းကိုက်စရာများလည်း အတော်များများ လျော့နည်း ပပျောက်သွားခြင်းတို့ ကလည်း အဓိကအချက် အနေဖြင့် ပါဝင်သည်ကို ငြင်းအံ့စရာ လိုမည်မထင်။ လာရောက်အားပေးကြကုန်သော ညီအစ်ကို မောင်နှမများအားလည်း လွန်စွာ ကျေးဇူးတင်ပါ၏ ဟုပြောက နည်းနေပါဦးမည်။
ဟိုတစ်စ၊ သည်တစ်စ အတွေးစများ
ထိုခေါင်းစားစရာများ၊ ပြဿနာများ ရှိနေစဉ်ကာလအတွင်း တွေးတောမိသော အချက်တစ်ချို့ကား အောက်ပါတို့ အတိုင်း ဖြစ်၏။
  • လူ့ဘ၀ကား တိုတောင်းလွန်းလှ၏။ ထိုသို့သော လူ့ဘ၀အတွင်း အလုပ်တစ်ခုကို လုပ်မည်၊ မလုပ်ဘူး ချီတုံချတုံ ဖြစ်နေခြင်းထက် တစ်ခုခုကို ပြတ်ပြတ်သားသား ထလုပ်လိုက်ခြင်းက သာလွန်ကောင်းမွန်သည် ဟု မိမိကိုယ်ကို ဆုံးမဖြစ်ခဲ့၏။
  • တစ်ခါတစ်ရံ တရားဓမ္မတို့ကို ပြသဆုံးမနေပါလျက်၊ အကျိုးရှိရာ၊ အကျိုးရှိကြောင်းတို့ကို ဝေမျှပေးနေပါလျက် တစ်ဦးတစ်ယောက်၏ အသိအမှတ်ပြုမှု (ချီးမွမ်းမှု မဟုတ်ပါ) ကိုမှ မရရှိသည့်အခါ ထိုသို့သော အရာတို့အား (၂) ဆတိုး ပေးဝေလိုက်စမ်းပါ ဟု ကိုယ့်ကိုယ် ကိုခိုင်းမည်ဟု တွေးတောဖြစ်ခဲ့၏။ (တစ်ဆက်တည်းမှာပဲ အလုပ်တစ်ခုအား အများသူငါ၏ အသိအမှတ်ပြုမှုကို လိုချင်၍လုပ်ခြင်း ဆိုတဲ့ အနှောင်အဖွဲ့က လွန်မြောက်ပြီး အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ မိမိ ယုံကြည်ရာအလုပ် မိမိလုပ်ဖို့သာ ပဓာနကျသင့် ကြောင်းလည်း ဆက်လက်ကြံစည်မိပြန်၏။)
  • အတိတ်က ကျွန်တော်ပြုခဲ့သော ကံတို့၏ အကျိုးပေးမှုကို ခံစားရရှိသည်ထင့်။ တစ်ခါတစ်ခါကျ ပြန်တော့လည်း မဆီမဆိုင် ကိုယ်မလုပ်ခဲ့သော ကိစ္စများအတွက်ပါ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်းတို့ကို ခံရပြန်သည်။ ထိုသူတို့အား မေတ္တာမပျက်ပဲ ကျွန်ုတို့ဗုဒ္ဓလမ်းစဉ်ဖြင့်သာ တုံ့ပြန်တော့အံ့ ဟု စိတ်ပိုင်းဖြတ်မိသည်။
နောက် “တစ်ကယ့်ငြိမ်းချမ်းရေးက ကိုယ်တွင်းမှာ“ ဆိုသောစကားကို အသေအချာ၊ အလေးအနက် စဉ်းစား ရှာဖွေမိပါသည်။ ရိုးတိုးရိတ်တိတ်တော့ သိနေသလိုလို ခံစားမိ၏။ အသေအချာကား မသိသေး။ သို့သော် ပြင်ပ အာရုံ ပျော်ရွှင်မှု ဆိုသောအရာ၊ စိတ်ချမ်းသာမှု ဆိုသော အရာများထဲတွင် ပူလောင်မှုများ တွဲရက်ပါပါလာ သည်ကိုတော့ တိတိကျကျရော၊ ကိုယ်တွေ့လက်တွေ့ပါ ကြုံဖူးပေါင်းများ နေသဖြင့် အတွင်း ငြိမ်းချမ်းရေး ဆိုသောအရာ ကို အခုတစ်လော အကြီးအကျယ် စိတ်ဝင်စားနေမိပြန်၏။ အတွင်းမှာ တစ်ကယ်ရော ငြိမ်းချမ်းရေး ရှိရဲ့လား။ ကျွန်တော် သိချင်သည်။ နားလည်လိုသည်။ မျက်တောင်တစ်ခတ်အတွင်း ကုဋေပေါင်းများစွာ ဖြစ်ပျက်နိုင်သော စိတ်၏ ငြိမ်းချမ်းခြင်း အား မည်သည့်နည်းလမ်းများဖြင့် ချည်းကပ်၍ အဆင်ပြေနိုင်မည်နည်း။
ထွေရာလေးပါး
အမှန်တော့ ကျွန်တော်သည် လူမှုဆက်ဆံရေးနယ်ပယ်တွင် ညံ့ဖျင်းလှသူ တစ်ဦးဖြစ်၏။ ဘလော့ဂ်လောကတွင်ရော၊ အပြင်လောကတွင်ပါ အပေါင်းအသင်းဟူ၍ စိတ်ရောကိုယ်ပါ ပေါင်းသင်းနေသည်၊ သူ၏ ခံစားချက်ကို ကျွန်တော်ကောင်းကောင်း နားလည်၊ ကျွန်တော်၏ ခံစားချက်ကို ကောင်းကောင်း သဘောပေါက်ပေး နိုင်သူ အပေါင်းအသင်းဟူ၍ လက်ချိုးရေက လက်တစ်ဖက်ပင် မပြည့်။ များသောအားဖြင့် အချိန်တော်တော်များများတွင် ကျွန်တော်က ကိုယ့်စိတ်နှင့် ကိုယ့်ကိုသာ နေလိုလှ၏။ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး (ပေါ့ပေါ့သွမ်းသွမ်း မဟုတ်ပါ) နှင့် ဟန်ဆောင်မှု ကင်းကင်း၊ အရှိကို အရှိလို၊ အမြင်ကို အမြင်အတိုင်း မျက်နှာဖုံးတွေ၊ မာန်မာနတွေ ဘာတစ်ခုမှ မရှိပဲ လွတ်လပ်စွာ။ (သို့အတွက် လူ့ဂွစာ၊ အတ္တသမား၊ အခြောက်တိုက် သွေးနားထင် ရောက်နေသူ ဟုလည်း အပြောခံရပေါင်း၊ အထင်ခံရပေါင်းလည်း မနည်းလှပါ)
ကိုယ်လိုချင်တာရဖို့ ကိုယ်က အရင်ပေးရတယ်“ ဆိုသော စကားကို တက်ကျမ်း တော်တော်များများတွင် ကျွန်တော်ဖတ်ဖူးသည်။ ထိုစကား သည် ကိုယ်လိုချင်တာ မရသေးသရွှေ့ ကိုယ်ကပေးမည်၊ ကိုယ်လိုချင်တာ ရပြီးနောက် မပေးတော့ဟု အဓိပ္ပာယ်ထွက် လာလျင်မည်သို့ မည်ပုံလုပ်ရပါမည်နည်း။ နောက် လိုချင်တာတစ်ခုရှိနေသဖြင့် ပေးနေခြင်းဟူသော အဓိပ္ပာယ်ထွက်လာ ကတည်းက ထို ပေးခြင်းဆိုသော အရာ၌ ကြိုးတစ်ချောင်း တန်းလန်းပါလာသည်မှာ လွန်စွာမှ အကျဉ်းတန် သွား၏။ အရုပ်ဆိုးသွား၏။ အနှစ်မပါ ၊ ဗလာနတ္ထိဖြစ်သော စကားဟုသာ မှတ်ယူမိပါ၏။
အမှန်တော့ ကိုယ်က ပေးမည်ဆိုလျင် ဘာပဲပြန်ရရ၊ မရရ ပေးမည်ဆိုခြင်းက ပိုလွတ်လပ်သည် မဟုတ်တုံလော။ ပိုမို လေးနက်ပြီး ပို၍လည်း အဖိုးတန်သော စိတ်ထားဖြစ်သည် မဟုတ်ပါလော။ ထိုသို့ ပေးနိုင်အောင် ကျွန်တော် လုပ်ရင်းကိုင်ရင်း ကြိုးစားရပါဦးမည်။ ထိုစိတ်မျိုးမထားနိုင်ခဲ့သည့် အတွက်လည်း ကိုယ့်မီးကို မွှေးရင်း ကိုယ့်ကိုယ်ကို လောင်ကျွမ်းခဲ့တာတွေ မနည်းလှတော့။
အခုတော့ မီးပြင်းပြင်းနှင့် သဂြိုလ် ရမည်မှာ ထိုသို့သော မလွတ်လပ်သည့် စိတ်များ ဖြစ်မှန်းသိခဲ့လေပြီ။ တနေ့တစ်စ နှုန်းဖြင့် သဂြိလ် နိုင်လျင်ပင် ကျွန်တော့်ဘ၀ မီးစာမကုန်၊ ဆီမခမ်းမှီ ထိုသို့သော ညစ်ထေးသော စိတ်များ လောင်ကျွမ်း ကုန်ဆုံးသွားနိုင်အံ့ဟု မျှော်လင့်မိပါသည်။
စကားချပ်။ ။ မတူးတူးဝင်္ကပါApprenticeshipအေးချမ်းသူကိုစိုးထက် ကိုသင်ကာကိုတေဇာကိုဝေဖြိုးကိုရင်ဆိုးသွမ်းကိုမိုက်ကယ်၊ ကိုပြည့်စုံ နှင့် စီဘောက်စ် မှ ဘော်ဒါတစ်သိုက်တို့ကို ဒီပို့စ်နှင့်အတူ ကျေးဇူး အထူးတင်ပါကြောင်း ပြောရင်း လာလည်သူများ အားလုံးတို့ကိုလည်း ကျေးဇူးဥပကာရ အထူးတင်ပါကြောင်း ထပ်ဆောင်းပြောကြားပါရစေ။
Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!
8 Responses to “စိတ်ပြေလက်ပျောက်၊ ထွေရာလေးပါး နှင့် ဟိုတစ်စ သည်တစ်စ အတွေးစများ”
  1. Welcome Back ပါအစ်ကိုရေ။ နားလိုက်တဲ့အတောအတွင်း တော်တော် တရားပေါက်သွားတာပဲနော်။ အဟီး အလကားစတာပါ။ အားလုံးအဆင်ပြေတဲ့အတွက် ၀မ်းသာပါတယ်။ ပြန်လာတာကိုလည်း
  2. ဂွတ်ဗျို့ ဆက်ရေးပါ။ ကျနော်လည်း စိတ်ညစ်စရာတွေ တပုံတပင်ပါပဲ။ ဒါတွေကပဲ တခါတလေ တွန်းအားဗျ။ ခံနိုင်ရည်ပိုရှိလာတာပေါ့ဗျာ။
    သင်ကာ
  3. ဒီလိုပဲဖြစ်ရမှာပေါ့ကျောင်းစာအုပ်ရယ်…
    ပြန်လာလိမ့်မယ်လို့တော့ ယုံကြည်ပြီးသားပါ။
    တိုတောင်းတဲ့ကာလအတွင်း စိတ်သန့်ရှင်းရေး လုပ်နိုင်တဲ့အတွက်လည်း ၀မ်းသာပါတယ်။
    စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ပါ။
    ပေးရတာကိုပျော်သူအတွက် မတောင်းပဲပြန်ရမယ့် ဆုလာဘ်တွေက အသင့်ရှိနေမှာပါ။
    စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ဆထက်ထမ်းပိုးတိုးလို့ မျှဝေနိုင်ပါစေ…။
    အစစ အရာရာ အဆင်ပြေ၊ အောင်မြင်ပါစေ…။
  4. @winkabar- ကျေးဇူးပါပဲညီမရေ။ တရားက ရနေတာကြာပြီ။ လွတ်လွတ်သွားလို့ ပြန်လိုက်ဖမ်းနေရတယ်။ :)
    @thinker - ကျေးဇူးပါ ကိုသင့်ကြီး။ ခံနိုင်ရည်တော့ နည်းနည်းပိုရှိလာတာ အမှန်ပဲဗျ။
    @tu tu- ဟုတ်ကဲ့ အားလုံးအတွက် ကျေးဇူးပါပဲဗျာ။ ကျွန်တော်လည်း စေတနာကောင်းရင် ကံကောင်းတယ်လို့ပဲ ယုံကြည်ထားပါတယ်။ ကံမကောင်းသေးသရွေ့တော့ ကျွန်တော့် စေတနာ မမှန်သေးလို့ လို့ပဲမှတ်ယူလိုက်ပါတယ်ဗျာ။ :)
  5. အခုလို ပြန်ရေးတော့မယ်ဆိုတော့ ၀မ်းသာပါတယ် ကိုမှောဆရာ… :) ပို့စ်အသစ်တွေ စောင့်ဖတ်နေမယ်နော်။
  6. WELCOME BACK !
    အဟဲ … နောက်ကျသွားတယ် .. လာ သတိပေးမှပေါ့ .. ဟိ … ကိုယ့် ဘက်ကို ကာပြီး သူများကို အပြစ်ရှာ ပေးလိုက်တယ် :P
    CHEERS ! :D
  7. :) :D :P
  8. @သဉ္ဖာ- ဟုတ်ကဲ့ မသဉ္ဖာ - လာအားပေးလို့ ကျေးဇူး။ :)
    @စိုးထက် - Soe Htet !- ဟဲဟဲ. တောင်းပန်ပါတယ် အစ်ကိုကြီးရာ…လာပြောမလို့ပါပဲ. :) လွတ်အောင်တော့ ရှောင်မှာပဲ. :P
Leave a Reply
You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>