Please Download Unicode Standard Myanmar Fonts To View this Blog!

သေခြင်း၊ ငြိမ်းချမ်းရေး နှင့် မနက်ဖြန်

“သေခြင်း“ သည် လက်တစ်ကမ်းမှာလော ?

(က)

“သေခြင်း“ အကြောင်းကို လူတော်တော်များများ သိကြသည်။ သက်ရှိ ခန္ဓာကိုယ်၏ ဇီဝ အဖွဲ့အစည်း တစ်ခုလုံး၊ အကြောင်း တစ်စုံတစ်ရာ ကြောင့် အလုပ်လုပ်ဆောင်မှု လုံးဝ ရပ်ဆိုင်းသွားသည့် သဘော။ ထို့နောက်…ထို့နောက် ဘာရှိသလဲ။ ကျွန်တော် မသိသေးပါ။ သေခြင်း၏ နောက် ဘာတွေရှိသလဲ။ သေခြင်း ဆိုသော အရာနှင့် စတင် မိတ်ဆက်ဖူးကတည်းက အကြိမ်ကြိမ် မေးမြန်းဖူးသော မေးခွန်း တစ်ခုဖြစ်၏။ ယခုထိလည်း အဖြေကို တိတိကျကျ မသိသေး။ တစ်ဖက်မှ စဉ်းစားကြည့်လျင် သေခြင်းဆိုသော အရာနှင့် မတွေ့မှီ ထိုအရာ၏ နောက်ဘာတွေ ရှိသလဲ ဆိုသော မေးခွန်း၏ အဖြေကို ရှာဖို့ ကြိုးစားခြင်းသည် ရူးနှမ်းမှု တစ်ခုဟု လက်တွေ့ဝါဒီတို့က ဆိုကောင်း ဆိုကြပါလိမ့်မည်။ သူတို့၏ လက်သုံးစကားက တိကျသော အဖြေတစ်ခု ရရန် အတွက် ပုစ္ဆာတစ်ပုဒ်ကို အရင် တည်ဆောက် ရမည် ဟူ၍ဖြစ်၏။ သို့သော် သေခြင်း ဆိုသော အရာသည် ညီမျှခြင်းများ၊ ဥပဒေသများ၊ သီအိုရီများ၊ ကိန်းဂဏန်းများကို အသုံးချ၍ တွက်ထုတ် နိုင်သော သင်္ချာပုစ္ဆာတစ်ပုဒ် မဟုတ်သည်ကတော့ သေချာသည်။ တနည်းအားဖြင့်ဆိုသော် သေပြီးနောက်မှ သေခြင်း၏ အဓိပ္ပါယ်ကို ရှာဖွေရန် အခွင့်အလမ်းမရှိ။

(ခ)

မေလ (၂) ရက်နေ့၊ ညဦးပိုင်းမှ စတင်ကာ နောက်တစ်နေ့ နံက် ပိုင်းတစ်ပိုင်းလုံး အထိ နာဂစ် အမည်ရသော မုန်တိုင်းတစ်ခု မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး နေရာများကို ၀င်ရောက်တိုက်ခတ်သွားသည်။ လူပေါင်း သိန်းချီ၍ သေကြေကြ၊ ပျက်စီးကြ၏။ နေစရာ အိုးအိမ်မဲ့သွားကြ၏။ စားစရာ၊ သောက်စရာ မရှိဖြစ်သွားကြ၏။ တိရိစ္ဆာန်များ၊ သတ္တ၀ါများကား ပြောဖွယ်ရာမရှိ။ ယခင်က ကြည်လင်သော မိုးကောင်းကင်အောက် မြစိမ်းရောင် စပါးခင်းများ၊ စိုက်ခင်းများသည် ယခု လူသေအလောင်းများ၊ တိရိစ္ဆာန်အလောင်းများ ထပ်လျက် မည်းညစ်သော မိုးကောင်းကင်နှင့် အတူ သုဿာန် တစပြင် ဖြစ်သွား၏။ လူနေအိမ်ခြေများ၊ တိုက်တာများ၊ လမ်းမကြီးများသည် ချက်ချင်းလက်ငင်းပင် အိုမင်းဟောင်းနွမ်း၍ အပျက်အစီးပုံဘ၀ ရောက်သွားကြ၏။ မုန်တိုင်းက ဒုက္ခအိုးကြီးတစ်ခုကို နာရီပိုင်း အတွင်းဖန်ဆင်းကာ ငိုညဉ်းသံများ၊ မျက်ရည်များ၊ သောကများ၊ ပူလောင်မှုများတို့ကို နိုင်ငံအနှံ့၊ ကမ္ဘာအနှံ့ ပြည့်လျံအောင် သွန်ချသွား၏။

(ဂ)

ထိုငိုကြွေးသံတို့ မတိတ်မှီ၊ ပူလောင်မှု သောကမီးတို့ မငြိမ်းမှီမှာပင် ကျွန်ုပ်တို့ ကမ္ဘာမြေကြီးအတွက် ထပ်ဆင့် ငိုကြွေးသံ၊ သောကပရိဒေ၀ မီးတို့ကို ထပ်ဆင့်မွေးဖွားစေသော မလှမပ လက်ဆောင်တစ်ခုကို သဘာဝကြီးက ရက်ရက်စက်စက် ပေးလိုက်ပြန်သည်။ မေလ-၁၂ ရက်နေ့၊ တနင်္လာနေ့ (6:28 a.m. GMT) အချိန်တွင် တရုတ်ပြည် အရှေ့တောင်ပိုင်း ဒေသအတွင်း ပြင်းအား ၇.၉ မဂ္ဂနီကျုထ် ရှိ မြေငလျင် တစ်ခု လှုပ်ခတ်သွား၏။ လူပေါင်း သောင်းချီ၍ သေကျေ၊ ထောင်ပေါင်းများစွာ ပျောက်ဆုံး၊ သိန်းချီ၍ ဒုက္ခတွင်းထဲ ရောက်ကြရပြန်၏။ ငိုကြွေးသံတို့ ပိုမိုကျယ်လောင်လာ၏။ သောကမီးတို့ ပိုမိုအရှိန်ပြင်းထန်လာကြကုန်၏။ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ တည်ဆောက် လာခဲ့ကြရသော ဘ၀များ၊ တည်ဆောက်ရန် ကြိုးစားဆဲ ဘ၀များ အခိုင်အခန့် အဆောက်အဦးတို့ နှင့်အတူ၊ ကယ်ပါယူပါ တောင်းပန် တိုးလျှိုးသံများနှင့် အတူ အတင်းအကျပ် မြှပ်နှံသဂြိုဟ်ခြင်းကို ခံလိုက်ကြရ၏။ ကျန်ရစ်သူတို့ကား ဦးခေါင်းတွင် မီးလျံများ စွဲလောင်လျက်၊ လက်အစုံတို့တွင် သွေးစ တို့စေးထန်းကာ ဖြင့် နီရဲနေသော မျက်လုံးအစုံတို့မှ မျက်ရည်တို့အား သုတ်သင် လျက်ရှိကြ။

(ဃ)

မနေ့ကပင် မုန်းကြောင်း ပြောလိုက်သေး၏။ ယနေ့ အမုန်းခံရသူမရှိတော့။ အတန်းထဲတွင် ကျွန်တော့်ရည်မှန်းချက် ဆိုသော ခေါင်းစဉ်ဖြင့် အိပ်မက်များ အကြောင်း စာစီကုံးခဲ့သည်မှာ ၂-ရက်သာရှိသေးသည်။ ယနေ့တော့ ထိုစာစီစာကုံး စာအုပ်နှင့် အတူ ကျွန်တော်လုံးဝ နားမလည် နိုင်သေးသော သေမင်းဆိုသောအရာက အတင်းအကျပ် ဆွဲခေါ်သွားခြင်းကို ခံလိုက်ရ၏။ မနေ့တစ်နေ့ကပဲ သူ့ကို ဒီနေ့ အဖြေ ပေးမည်ဟု စဉ်းစားထားသေး၏။ ယနေ့တော့ အဖြေ အပေးခံရမည့် သူရော၊ အဖြေ ပေးမည့်သူပါ မရှိကြတော့။ လွန်ခဲ့သော ရက်ပိုင်းလေးကပဲ သူတို့ဇနီးမောင်နှံ ဒီနှစ်စပါးပေါ်ရင် သားကိုရှင်ပြုဖို့ ဆွေးနွေးနေခဲ့ကြသေးသည်။ ယနေ့ တစ်မိသားစုလုံး ပြန်လမ်းမရှိသော ခရီးကို အတူတကွ၊ ခါးသီးစွာ ထွက်ခွာသွားကြပြီ။ လာမည့်သုံးနှစ်အတွင်း ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများ ပိုမို မြင့်မားလာစေရေး အစည်းအဝေး တစ်ရပ်ကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြသေး၏။ ယနေ့ ထိုအစည်းအဝေးခန်းနှင့် အတူ အိပ်မက် တွေရော၊ ဘ၀ များပါ အစိတ်စိတ် အမွာမွာ ကွဲကြေ လဲပြိုလျက်။

သေခြင်းသည် အချိန်၊ နေရာ နှင့် လူပုဂ္ဂိုလ် ကန့်သတ်ချက် မရှိသော အရာ အားလုံး အတွက် အမြဲတမ်း အမှန်တရား ဖြစ်၏။

____________________________________________________________________

ဘာကို ယုံကြည် ကြမည်လဲ?

(င)

လောက၌ အယူအမျိုးမျိုး၊ ၀ါဒအဖုံဖုံတို့သည် ကာလဒေသကို လိုက်၍၊ လူပုဂ္ဂိုလ် အမျိုးမျိုးတို့အား အကြောင်းပြုလျက် ထွန်းကားခဲ့ ကြကုန်၏။ ယခုလည်း ထွန်းကားဆဲ၊ နောင်လည်း ထွန်းကားနေဦးမည်သာ။ ထိုသို့.. ထိုသို့သော အမျိုးမျိုးသော အယူဝါဒများ ထဲမှ အချိန်အခါ၏ တိုက်စားမှု ကိုသော်လည်းကောင်း၊ အဖြစ်အပျက် တို့၏ တိုက်စားမှု ကိုသော်လည်းကောင်း၊ လူပုဂ္ဂိုလ်တို့၏ တိုက်စားမှု ကိုသော်လည်းကောင်း၊ အခြားသော ၀ါဒများ၏ တိုက်စားမှု များကို သော်လည်းကောင်း ကြံ့ကြံ့ခံလျက် ရပ်တည် နေနိုင်ခဲ့ကြသော ၀ါဒတို့ကား အနည်းငယ်မျှသာ။

ထိုသို့ အနည်းငယ်မျှသော အယူဝါဒများထဲတွင် ကျွန်ုပ်တို့ အမှန်တစ်ကယ်၊ အလေးအနက် ယုံကြည်အားထားရာ ၀ါဒရှိ၏ ဟု မည်သို့ ယုံကြည်ရ ပါမည်နည်း။

(စ)

မနေ့ကမြင်၊ ဒီနေ့ပျောက်၊ လက်တစ်ကမ်း အကွာ သေမင်းနှင့် အတူတကွ နေထိုင်ကြသည့် ကမ္ဘာသူ၊ ကမ္ဘာသား အပေါင်းတို့တွင် ချစ်လိုက်၊ မုန်းလိုက်။ လိမ်ညာလိုက်၊ ရိုးဖြောင့်လိုက်။ ဆွဲတင်လိုက်၊ ချောက်တွန်းလိုက်။ ဟန်ဆောင်လိုက်၊ ရိုးသားလိုက်။ ငိုကြွေးလိုက်၊ ပြုံးရီလိုက်။ သနားလိုက်၊ ရက်စက်လိုက်။ စော်ကားလိုက်၊ ရှိခိုးလိုက် တို့ဖြင့် တစ်နေ့တာ ကိုယ်စီအား ဖြတ်သန်းနေကြသည်မှာ ထိုစက်ဝိုင်း အလွန် ခပ်လှမ်းလှမ်းမှ ကြည့်လျင် လွန်စွာ ဂရုဏာ သက်ဖွယ်ဖြစ်သကဲ့သို့၊ လွန်စွာမှလည်း အံ့သြဖွယ် (၎င်းတို့၏ မိုက်မဲမှုများအား) ဖြစ်ကြောင်း ယခုစာဖတ်ရင်း ခဏရပ်ကာ စဉ်းစားကြည့်က သိနိုင်ပါသည်။

အထက်တွင် ဆိုခဲ့ပြီးသော ကပ်ဘေးကြီးများ (မည်သည့် အချိန်၊ မည်သည့် နေရာ၊ မည်သို့ မည်ပုံ ဆိုသည်ကို မသိ) ကျရောက် လာသည့် အခါ ချစ်ရင်းလည်း သေဆုံးကြကုန်၏။ မုန်းရင်း လည်း သေဆုံးကြကုန်၏။ ဟန်ဆောင်ရင်း လည်း သေဆုံးကြကုန်၏။ ရိုးသားရင်း လည်း သေဆုံးကြကုန်၏။ အတ္တဖြင့် သေဆုံးများလည်း ရှိ၏။ ပရ ဖြင့် သေဆုံးသူ များလည်း ရှိမည်သာ။ ဖိနှိပ်ရင်း သေဆုံးသလို၊ ရုန်းကန်ရင်း လည်း သေဆုံးကြကုန်၏။ အကြွေး မဆပ်ရသေးမှီ သေဆုံးကြသကဲ့သို့ အတိုးရော အရင်းကို ပါ သိမ်းပိုက်ရင်းလည်း သေဆုံးကြကုန်၏။ အရာအားလုံးကို သိရှိပြီးမှ သေဆုံးကြသလို၊ ဘာတစ်ခုမှ မသိရသေးခင်လည်း သေဆုံးကြကုန်၏။ ဤသို့သော ဘ၀ပေါင်းများစွာ တို့အတွက် အဓိပ္ပါယ်ကား အသို့နည်း။

(ဆ)

လူတိုင်း၊ လူတိုင်းအတွက် ဘ၀တစ်ခုကို တည်ဆောက်ရခြင်းသည် ပင်ပန်းကြီးလှ၏။ အစားများသော်လည်း အလျော်က နည်းနည်းသာ ရသည့် အခါပေါင်းလည်း များစွာပင်။ ကိုယ့်ခေါင်းကို တက်နင်းကြသလို၊ ကိုယ်ကလည်း (သိသိနှင့်ရော မသိပဲနဲ့ပါ) တက်နင်း ခဲ့သည်များ ရှိကြပေဦးမည်။ အချို့က ရိုးသားမှုဖြင့်တည်ဆောက်၊ အချို့က ကြိုးစားမှုဖြင့်တည်ဆောက်၊ အချို့ကလည်း ဆိုးဆိုးရွားရွား၊ အချို့ကလည်း နိုးနိုးကြားကြား၊ အချို့က သုည က စနေချိန်၊ အချို့က ကောင်းကင်မှာ ခရီးသွား… စသဖြင့် ရက်ပေါင်း များစွာ၊ လပေါင်း များစွာ၊ နှစ်ပေါင်း များစွာ ချွေးအစက်စက်၊ သွေးအလိမ်းလိမ်း တို့ဖြင့် ဘ၀တစ်ခု၊ မိသားစုတစ်ခု၊ မြို့ရွာတစ်ခု၊ နိုင်ငံတစ်ခု တို့အား တည်ဆောက်နေ ကြ၏။ ထိုအရာတို့ကား ဘာမျှ မထူးဆန်းပါ။ အမှန်တစ်ကယ်ပင် ဘာမျှ မထူးဆန်းသော အချင်းအရာများ ဖြစ်ကြပါ၏။ ထူးဆန်း သည်က ထိုသို့ လူတိုင်း၊ လူတိုင်း ကိုယ်စီ၊ ကိုယ်ငှ တည်ဆောက် နေကြသော အရာများအတွက် မည်သည့် အရာကို အခြေပြု ကြမည်နည်း ဟူသော မေးခွန်း တစ်ရပ်ပင် ဖြစ်၏။ ဒေါသ တွေကို အခြေပြု ကြမည်လား၊ သောက တွေကို အခြေပြု ကြမည်လား။ မာန နှင့် တည်ဆောက်မည်လား၊ အာဃာတ နှင့် တည်ဆောက်မည်လား။ ရိုးသားမှုကို အရင်းခံမှာလား၊ ဆိုးရွားတဲ့ အပြုအမူတွေနဲ့ ၀န်းရံမှာလား ဆိုသည်များပင်။

(ဇ)

”ပါပ သမ္မံ ရမ္မတိနော” - “စိတ်သည် မကောင်းမှု ၌သာ မွေ့လျော်၏“ ။ ထိုစကားကို မြန်မာ အတော်များများ သိကြမည် ထင်၏။ စိတ်ကို စောင့်ကြည့်သော အလုပ်အား (စိတ်၏ ထူးဆန်းမှု များကို စိတ်ဝင်စားသည့် အလျောက်) လုပ်ကိုင်ခဲ့သည်မှာ နှစ်ကာလ အတန်ကြာခဲ့ပြီဟု ပြောနိုင်ပါ၏။ တစ်ခါတစ်ရံလည်း သတိလက်လွတ်၊ တစ်ခါတစ်ရံလည်း မေ့မေ့ပျောက်ပျောက်၊ တစ်ခါတစ်လေ လည်း သိသိဖြင့်မှား စသော အဖြစ်တို့ ရှိခဲ့လင့်ကစား စတင်ခဲ့သော အချိန်မှ စရေတွက်လျင် နှစ်ကာလ အတန်ကြာခဲ့ပါပြီ။ ထိုကာလ များအတွင်း စိတ်၏ ဦးတည်ရာ အတော်များများသည် မကောင်းမှု (လူသတ်မှု၊ ဓားပြမှု၊ သူတစ်ပါး သားမယား ကျူးလွန်မှု စသည်တို့မှ မကောင်းမှု မဟုတ်ပါ) အတော်များများ ထံသို့သာ ဦးတည်လေ့ရှိကြောင်း အမှန်တကယ်ပင် သိရှိခဲ့ရ၏။ မည်သို့သော မကောင်းမှုများနည်း။

“လောဘ“ - ” ဒါ ငါ့အတွက်။ ဟိုဟာ ငါ့သား အတွက်။ အစိမ်းရောင် ကို ငါ့သမီးကို ပေးလိုက်။ နေဦး. အိမ်က မိန်းမဖို့ ကျန်သေးတယ်”

“ဒေါသ“ - “ ဟ. ဒီကောင် ကဘာကောင် မို့လို့တုန်း။ ပိုက်ဆံရှိပါတယ် ဆိုပြီး. ဒါသက်သက်မဲ့ ကျောတာ ငါ့ကို။ ကြိုက်တယ်.. နောက်တစ်ခေါက်တော့ ဒီကောင် နာပြီပဲ။ “

”မာန” - ” တောက်..ဒီတစ်ခါလည်း ငါ့အမှတ်နည်းပြန်ပီ။ အေးလေ မိုးကောင်းတုန်း ရွာထားဦးပေါ့။ နောက်တစ်ခါ စာမေးပွဲကျမှ ငါ့ အကြောင်း သိရမှာပေါ့ ကွာ။ ”

“ဣသာ၊ မစ္ဆိရ“ - ” အရေးမပါကွာ.. ငါ့နောက်မှ လူဖြစ်တဲ့ ကောင်က ဥက္ကဌ တက်လုပ်ရတယ်လို့.. မင်း ခိုင်းချင်တာခိုင်း..လုံးဝ မလုပ်နိုင်ဘူး ကိုယ့်လူ.။”

ထိုသို့သော ပြင်ပအာရုံ၊ စိတ်ကို ညစ်နွမ်းစေသော၊ ပင်ပန်းစေသော၊ ပူလောင်စေသော အရာများက လူတစ်ယောက်၏ စိတ်ကို လွှမ်းမိုး ချယ်လှယ်ထားပြီ ဆိုလျင် မည်သို့သော အကျိုးဆက်များ ဆက်ဖြစ်ပေါ်နိုင်ပါသနည်း။ ကောင်းမှုများ မဟုတ်သည်ကတော့ သေချာ၏။ သို့သော်လည်း ထိုအရာများနှင့် ပင် လူအားလုံး နီးပါးတို့ နေ့စဉ် နှစ်ပါးသွား နေကြသည် မှာလည်း ကိုယ်တိုင် ပါဝင် နေသောကြောင့် ငြင်းမရသော အမှန်တရားပင် ဖြစ်ချေ၏။

အထက်တွင် ဆိုခဲ့သော မကောင်းသော စိတ်များအား ဘာသာစကား၊ လူမျိုး၊ အယူဝါဒများ အရ အခေါ်အဝေါ်သာ ကွဲပြားသွားမည်၊ ထိုစိတ်တို့ တည်ရှိပုံ၊ မကောင်းကျိုးသာ ပေးပုံ စသည်တို့ကား လူမျိုး၊ ဘာသာမကွဲ နေရာ၊ ဒေသမရွေး မှန်ကန်လျက်ရှိမည်မှာ မလွဲဟု ယုံကြည်ပါ၏။ ထိုမကောင်းသော စိတ်များ ရှိခြင်းကို သိပြီး သကာလ၊ ထိုအရာ တို့ လုံးဝကင်းစင်ခြင်း အဖြစ်သို့ မရောက် နိုင်စေကာမူ လျော့နည်း သွားအောင် လုပ်နိုင်လျင် ပင် ထိုသူ၌ ငြိမ်းချမ်းခြင်း တရား ဖြစ်တည်လာမည် ဆိုသည်မှာလဲ မလွဲသော အမှန်တရား တစ်ခုပင်ဖြစ်၏။ လူတစ်ဦး၊ တစ်ယောက်ချင်း စီ၏ ငြိမ်းချမ်းခြင်း သည် ကမ္ဘာမြေ တစ်ခုလုံး ၏ ငြိမ်းချမ်းခြင်း ဟူသော အဓိပ္ပါယ် မမည်ပါသလော။

(စ်)

အလွန် နီးကပ်လှသော သေခြင်းတရား နှင့် မတွေ့မှီ ထို ပူလောင်မှုများ၊ ပင်ပန်းမှုများ မွေးဖွားစေသော စိတ်များ အကြောင်း ကို တတ်နိုင်သလောက် လေ့လာစေလို၏။ စူးစမ်း စေလို၏။ ကိုယ်တိုင်လည်း လေ့လာ မိသလောက်ကို သူတစ်ပါး တို့အား ပေးဝေ မျှစေလို၏။ ထိုသို့ပြုလုပ်ရန် အတွက် အကောင်းဆုံး နည်းလမ်းကား ကိုယ့်စိတ်ကို သိနေခြင်းပင် ဖြစ်၏။ မည်သို့ သိရမည်နည်း။ ခန္ဓာ ကိုယ်တွင် အမြဲမပြတ် ဖြစ်နေသော၊ အထူးတလည် ပြုလုပ်နေစရာ မလိုသော သဘာဝတရား တစ်ခုအား စောင့်ကြည့်ခြင်း မှ စတင်သင့်သည်။ အသက်ရှုခြင်း။ လူတိုင်း အသက်ရှု ကြသလို လူတိုင်း ထိုအရာကို အမှုမဲ့၊ အမှတ်မဲ့သာ နေကြ၏။ ယခု ထိုသို့ မဟုတ်။ အမှုမဲ့ ၊ အမှတ်မဲ့ အသက်ရှုခြင်း ကို အာရုံအနည်းငယ် စိုက်၍ သတိ အနည်းငယ်ထားကာ အမြဲသိနေခြင်းမှ စတင်၍၊ ထိုသိခြင်းကို သိနေခိုက်မှာပင် ဖြစ်ပေါ်လာသော လောဘ၊ ဒေါသ၊ မာန၊ ဣသာ၊ မစ္ဆိရ အစရှိသော မကောင်းသော စိတ်အညစ်အကြေး များကို တစ်ခုခြင်း သေချာစွာ ကြိုးစား စောင့်ကြည့်၊ သိရှိ နေလျင်၊ ထိုသို့သော စိတ်များ ဖြစ်ပေါ်ခိုက်မှာပင် ဖြစ်သည်ကို သိရှိခြင်းတည်း ဟူသော အရာ၊ သတိ မှ ၎င်းစိတ်အညစ် အကြေးများအား ဆက်လက်ဖြစ်ပေါ်ခွင့် မပေးတော့ပဲ ပယ်ဖျက်ပြီး ဖြစ်သွားသည်ကို အံ့သြဖွယ် သင်တွေ့ရပါလိမ့်မည်။

____________________________________________________________________

ယနေ့နှင့် မနက်ဖြန် အတွက် အမှန်တရား ( Ultimate Truth)

(ည)

ဆိုခဲ့ပြီးသော အရာတို့ကို ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့က ဒါ ဗုဒ္ဓဘာသာ တရား တွေပဲဟု ပြောကောင်း ပြောကြ ပါလိမ့်မည်။ အမှန်တော့ ထို အရာတွေသည် သစ္စာတရား များသာ ဖြစ်၏။ အမှန်တရား များသာဖြစ်၏။ လူမျိုးမကွဲ၊ ဘာသာမကွဲ၊ နေရာမကွဲ၊ ကာလမလွဲ၊ မပြောင်းမလဲ အမြဲမှန်သော တရား များသာဖြစ်ပါ၏။ သေခြင်း သည်လည်းကောင်း၊ မာနသည်လည်းကောင်း၊ လောဘ သည်လည်းကောင်း ၊ ဒေါသ သည်လည်းကောင်း အစရှိသည့် စိတ် မှန်သမျှတို့သည် ဗုဒ္ဓ မပေါ်ထွန်းခင် ကလည်းရှိခဲ့ပြီး၊ ဗုဒ္ဓ မရှိတော့သည့် နောက်ပိုင်း ကာလ များတွင်လည်း ရှိနေခဲ့သော၊ ယခုလည်း ရှိနေဆဲဖြစ်သော၊ နောင်လည်း ရှိနေဦးမည် ဖြစ်သော အမှန်တရား များသာ ဖြစ်ပါ၏။ ဗုဒ္ဓ ကိုယ်တော်တိုင်လည်း ထိုအမှန်တရား များကို သူ၏ ကိုယ်ပိုင်ဟု မည်သည့်အခါမျှ ပြောဆိုခဲ့ခြင်း မရှိပဲ သူသည် ထို ပူလောင်မှု များအား ငြိမ်းချမ်းအောင် လုပ်သည့်နည်း၊ တည်ရှိပြီးဖြစ်သော အမှန်တရား၊ သစ္စာများကို ရှာဖွေ တွေ့ရှိသူသာ ဖြစ်ကြောင်း ကိုလည်း အကြိမ်ကြိမ် အထပ်ထပ် မြွက်ကြားခဲ့ပါ၏။

(ဋ)

သို့အတွက် ကောက်ချက် တစ်ခုမှာ လူတိုင်းတွင် ပူလောင်မှုများ နှင့် အတူ လွတ်လပ်မှုရှိ၏။ လူတိုင်းတွင် သောကမီးတို့ ရှိသကဲ့သို့ ငြိမ်းချမ်းမှု လည်းရှိ၏။ ၎င်းသည် သစ္စာ တရား ဖြစ်၏။ ထို အရာတို့အား မိမိ တို့ကိုယ်၌ ရှိကြောင်း မသိရှိ ကြသေး၍သာ ပူလောင်မှု၊ ပင်ပန်းမှု ၊ ဆင်းရဲမှုတို့ဖြင့် အတ္တများစွာ တို့ကိုသာ ခြံရံကာ ဘ၀၊ ဘ၀ တို့အား အပန်းတစ်ကြီး တည်ဆောက် နေကြခြင်း ဖြစ်၏။ ဘ၀ တစ်ခု အတွက်၊ ဘ၀ များစွာတို့ကို စတေးပစ် နေကြခြင်း ဖြစ်၏။ လောက၏ အမှန်တရား ဆိုသော မှတ်ကျောက်ဝယ် မည်မျှ အပန်းကြီးကြီး တည်ဆောက် ထားသော ဘ၀ဖြစ်ပါစေ၊ မည်မျှ ခက်ခက်ခဲခဲ နှင့် ခိုင်ခိုင်မာမာ တည်ဆောက်ထားသော အဆောက်အဦး ဖြစ်ပါစေ မမျှော်လင့်သော နေရာမှ မခေါ်ပဲ ရောက်လာတတ်သော သေခြင်းတရား ဧည့်သည်နှင့် အတွေ့တွင် အရာ အားလုံးသည် မျက်စိ တစ်မှိတ် အတွင်း ပျက်စီးသွား၏။ မျက်တောင် တစ်ခတ် အတွင်း ပျောက်ပျက် သွား၏။ ချစ်ခြင်းတွင် အစိုးရခြင်းမရှိ၊ မုန်းခြင်းတွင် ခိုင်မာသော သဘောမပါ၊ အရာအားလုံး တို့သည် နတ္ထိ သဘော၊ သုည သဘော ချည်းသာ ဖြစ်ကြကုန်၏။

()

အရာ အားလုံးတို့အတွက် မပြောင်းလဲသော အမှန်တရား တစ်ခုကား မည်မျှပင် ကိန်းဂဏန်း ကြီးကြီး၊ တန်ဖိုးကြီး ပါစေ နောက်ဆုံး သုည သို့ ချည်းကပ် ကြရ သည်ချည်းသာ ဖြစ်၏။ ထိုသို့ အစစ်အမှန်သုည (Reality “Zero”) အမှတ် သို့ မချည်းကပ်မှီ အစစ်အမှန် တန်ဖိုးတစ်ခု (Reality “Value”) ကိုသယ်ဆောင် သွားနိုင်လျင် ထိုသူ ပိုင်ဆိုင်သော ဘ၀၏ အဓိပ္ပါယ် (Meaning of Life) ပြီးပြည့်စုံပြီဟု စွဲမြဲစွာ ယုံကြည်မိ၏။ အစစ်အမှန် တန်ဖိုးတွင် လွတ်လပ်မှု (Liberty)၊ ဂုဏ်သိက္ခာ (Dignity)၊ ရိုးသားမှု (Honesty)၊ နှင့် လူသား အချင်းချင်း လေးစားစွာ ဆက်ဆံခြင်း စသည်တို့ ပါဝင်၏။ ထိုအရာ တို့သည် သီးခြားစီ အားဖြင့် ဖြစ်တည် နေကြသည်မဟုတ် ပဲ တစ်ခု နှင့်တစ်ခု လည်း ဆက်စပ် မှီတည် နေကြပြန်၏။ မှန်ကန်ချက် တစ်ခုမှာ “လွတ်လပ်မှု၊ ရိုးသားမှု မရှိပဲ စစ်မှန်သော ဂုဏ်သိက္ခာမရှိနိုင်” ဟူ၏။ ထိုမှတဆင့် “စစ်မှန်သော ဂုဏ်သိက္ခာ မရှိသရွေ့ မိမိကိုယ်ကို မလေးစားနိုင်၊ မိမိကိုယ်ကို မလေးစား နိုင်သရွေ့ သူတစ်ပါး တို့အား လေးစားခြင်း အမှုကို မပြုနိုင်“ ဟု အကြောင်း၊ အကျိုး တို့အား ဆက်စပ်လျက် မှန်ကန်ချက်များ အား လေးနက်စွာ စဉ်းစားကာ ဖော်ထုတ်နိုင်ပါ၏။

(ဍ)

သို့ဖြစ်၍ ကျွန်ုပ်တို့ ကမ္ဘာမြေကြီး၏ မနက်ဖြန်များ ပိုမိုသာယာလှပရေး အတွက် ယနေ့တိုင်း၊ ယနေ့တိုင်းတွင် လူသားအချင်းချင်း လေးစားစွာ၊ လွတ်လပ်စွာ၊ ရိုးသားစွာ ဆက်ဆံကြဖို့လို ပါလိမ့်မည်။ ထိုသို့ သူတစ်ပါးတို့အား လေးစားစွာ ဆက်ဆံတတ်ရန် အတွက် မိမိကိုယ်မိမိ အမှန်တစ်ကယ် လေးစားတတ်ဖို့ လိုမည်ဖြစ်ကြောင်းကား ထပ်မံ ပြောကြားရန် လိုမည်မထင်။ ထိုအရာအတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ ကိုယ်တိုင်ကိုယ်ကျ အကောင်းဆုံး ရိုးသားဖို့ပင် ဖြစ်၏။

မကောင်းသော စိတ်များ ဖြစ်နေတိုင်း၊ ဖြစ်နေတိုင်းတွင် ထိုအရာတို့ ဖြစ်ကြောင်းကို သိနေခြင်းတည်း ဟူသော သတိရှိနေသမျှ ကာလ ပတ်လုံး သင်သည် ရိုးသားသူ ဖြစ်တော့၏။

လူတစ်ဦး၊ တစ်ယောက်ချင်း စီ၏ ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ ရိုးသားသော ဆက်ဆံရေး၊ လေးစားမှုရှိသော အသိုင်းအ၀ိုင်း တို့မှတဆင့်သာ ပိုမို လုံခြုံ စိတ်ချ ရသော၊ အမှန်စင်စစ် ငြိမ်းချမ်းသော လူ့ဘောင်လောက တစ်ခုကို တည်ဆောက် နိုင်ပါလိမ့်မည်။

သင့်ကြောင့် လူ့လောက ကြီး၏ မနက်ဖြန်များ ပိုမိုသာယာ လှပနိုင်ပါစေ။

____________________________________________________________________

ရည်ညွှန်းကိုးကား

(၁) ကိုယ်ကျင့် အဘိဓမ္မာ - { အရှင် ဇနကာဘိဝံသ၊ တြိဒဿမအကြိမ်၊ ၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလ }

(၂) အခြေပြုပဋ္ဌာန်း တရားတော် - { အရှင် ဇနကာဘိဝံသ၊ ပဉ္စမအကြိမ်၊ ၂၀၀၄ ခုနှစ် }

(၃) တရားတော် စာအုပ်များ၊ အသံဖိုင်များ - { ဆရာတော် ဦးဇောတိက၊ ၁၉၉၈ ခုနှစ်မှ ယနေ့ထိ ထွက်ရှိသမျှ}

(၄) နိုင်ငံတကာ သတင်းဌာနများ - { CNN, New York Times, Myanmar News}

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

15 Responses to “သေခြင်း၊ ငြိမ်းချမ်းရေး နှင့် မနက်ဖြန်”

  1. ကိုမှော်ဆရာရေ အရမ်းကောင်းတဲ့ ဆောင်းပါးတခုပါပဲဗျာ။ ဆောင်းပါးကို ၂ ခေါက် ပြီးသည်အထိ သေသေချာချာ ဖတ်သွားပါတယ်။

  2. သေချာဖတ်သွားပါတယ် .. ထပ်ဖတ်ပြီးမှ မှတ်ချက် သေချာ ထပ်ရေးပါမယ် :)

  3. သေချာ ထပ်လာဖတ်တာပါ … အရမ်းကောင်းပါတယ် … စာနည်းနည်း များနေတယ် ဗျ အပိုင်းလိုက် ခွဲ လိုက်ရင် နည်းနည်း အဆင်ပြေမလိုပဲ … စေတနာကို နားလည် လေးစား ပါတယ် ခင်ဗျာ …

    သာဓု သာဓု သာဓု …

    လူချင်းတူပေမယ့် အသက်ရှူ ကွဲတယ် ဆိုတာ ဒီ စာလုံးစောင်းတွေနဲ့ ရေးထားတဲ့ အပိုဒ်ကို ညွှန်းတာ ဖြစ်ပါတယ် … သမာဓိ ထူထောင်ရလွယ်တဲ့ … ထူထောင်ပြီးသား ဖြစ်တဲ့ လူတွေ အတွက် ပိုပြီး လွယ်ကူပါတယ် …

    ပညတ်သဘောကို ပရမတ် ဖြစ်အောင် ရှုတာပေါ့ … စတင်လေ့ ကျင့်သူ တွေကတော့ တစ်ကယ့် ပရမတ်က စရင်တော့ ပို မြန်မြန် သဘောပေါက် ပါမယ် … ခန္ဓာ ကိုယ် လှုပ်ရှားမှု တိုင်းကိုပဲ ဖြစ်ဖြစ် … ဝေဒနာ ကိုပဲ ဖြစ်ဖြစ်မှတ် ပေါ့ …

    နောက်တစ်ခုကတော့ အသိ … သိနေရုံနဲ့ မရပါဘူး … အဲ ဒီလိုပဲ … အမှန်ကို မသိသေးပဲ ကျင့်နေရုံ လည်း မရပါဘူး .. နှစ်ခုလုံး မျှပြီး သိ ကျင့်မှ သာ မရမတ္တ တရားတော် ကို မျက်မှောက် ပြု နိုင်ပါမယ် …

    ကျွန်တော် လုပ်နေသလားလို့ မေးရင်တော့ အချိန်ပြည့် မလုပ်နိုင်လို့ နေ့စဉ် အချိန်ပိုင်းတော့ ဆရာ နဲ့ အနီးကပ် ကြိုးစား ကျင့် မှတ် နေပါကြောင်း :) :D

  4. @mtj - ကိုသင်္ကြန်ရေ သေသေချာချာ လာဖတ်ပြီး အလေးအနက် အားပေးတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ။ :)
    —————-
    @စိုးထက် - Soe Htet - အသေအချာ ဖတ်ပြီးမှ စေတနာ အပြည့်နဲ့ ချီးမြင့်ပေးတဲ့ အစ်ကိုကြီး မှတ်ချက်ထဲမှာ မှတ်သားဖွယ်တွေ ထပ်မံ ဖြည့်စွက်ပေးတဲ့ အတွက် ကျေးဇူးအထူးပါခင်ဗျာ။ ကျွန်တော်လည်း ရသလောက် အချိန်အတွင်း မှာ တတ်နိုင်သလောက် ငြိမ်းချမ်းအောင် လေ့လာ ရှုမှတ်နေပါကြောင်း။ :)

    PS: စာတွေ များသွားကြောင်းတော့ သတိထား မိတယ် အစ်ကိုကြီးရ။ ဒါပေမယ့် ပြောချင်တာတွေ တစ်စု တစ်စည်းထဲ ဖြစ်သွားအောင် ဆိုပြီး ဆောင်းပါး တစ်ပုဒ် လုပ်လိုက်တာ။ နောက်များ မှာ သတိထား စရာတစ်ခု ပေးတဲ့ အတွက် ကျေးဇူးပါ။ :)

  5. ပထမတစ်ကြိမ် ဖတ်ပြီးပါပြီ။ ထပ်မံဖိတ်ခေါ်တဲ့ အတွက် ဆွေးနွေးဖို့ ထပ်ဖတ်ပါတယ်။

    တကယ့် Literal Thinking ပါပဲ။

    အစပိုင်းစာပိုဒ်တွေ ရဲ့ ချဉ်းကပ်မှုနဲ့ အဓိပ္ပာယ်ရှာဖွေမှုဟာ ဖြစ်တည်မှုဝါဒ (existentialism) အတွေးအခေါ်တွေကို သွားထင်ဟပ်စေပါတယ်။ ဒါကို ယန်းပေါဆာ့တ်က Nothingness လို့ ပြောခဲ့ပါတယ်။ ဂေါတမဗုဒ္ဓ ဟောကြားတဲ့ အနတ္တသဘောရဲ့ အဖျားကို ဆွတ်မိရုံ သဘောပါပဲ။ Nothing က Dimension မရှိပါ။ ဗုဒ္ဓ၀ါဒရဲ့ အနတ္တသဘောတရားက Dimension ပါတယ်လို့ ပြောချင်ပါတယ်။ ဆိုလိုတာက ထိုးဖောက်မြင်ဖို့ အခွင့်အလမ်းရှိတယ်။

    ဒီမရေရာခြင်းနဲ့ အစီအစဉ်ကျသယောင် ပရမ်းပတာကြားမှာ နေထိုင်ဖို့ Space ကို ဖန်တီးကြ၊ ခံယူကြရာမှာ အမျိုးမျိုးအထွေထွေကွဲပါတယ်။ ကိုမှော်ဆရာက Outside Factor တွေကို ဖယ်ပြီး၊ Insightness ကို Stress လုပ်ပေးလိုက်တာဟာ အလွန်သင့်လျော်ပါတယ်။ ကိုမှော်ဆရာ ပြောသလို ကျနော်ကလည်း ထပ်ပြောချင်ပါသေးတယ်။ ဒါက ဘာသာတရား (Religion) မဟုတ်ပါဘူး။

    ကျနော့် အလိုကတော့ Religion ကို Outside Factor ကဲတဲ့ လူသားတွေကို ထိန်းကွပ်မှုတစ်ရပ်လို့တောင် မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (ကိုမှော်ဆရာ အကြံပြုဆွေးနွေးသွားသလို) ကိုယ့်ရဲ့ ညစ်စွန်းလွယ်သောစိတ်ကို ပြင်ပ အကြောက်တရားက ထိန်းချုပ်ပေးရတာမျိုးမဟုတ်ဘဲ ကိုယ့် ပညာစိတ်နဲ့ ထိန်းသိမ်းတတ်တာမျိုးကို ကျနော်က ပိုအားပေးလိုပါတယ်။

    ဖြစ်တည်မှုဝါဒီတွေရဲ့ ကိုယ့်ကျင့်တရားဟာ ဒီလို ထိန်းကြောင်းမှုအပေါ် မူတည်ပါတယ်။ (Exist ၀ါဒဘက်ကို ဆွဲတယ်လို့တော့ မထင်စေချင်ပါဘူး။) ဒါက ကျနော်မြင်တဲ့ ရှု့ထောင့်က ဆွေးနွေးခြင်းပါ။

    ကိုမှော်ဆရာ အစပျိုးပြီး နိဂုံးသတ်တဲ့အထိ သတိပြုစရာက ဒီလိုတွေးခေါ်မှုမျိုးတွေဟာ ကာလ၊ ဒေသ၊ ပယောဂကနေ ရုန်းတက်လာတဲ့ အမြင်ဆိုတာပါပဲ။ လုပ်ယူတာမျိုး မဟုတ်ဘူး။ ဖန်တီးယူတဲ့ သီအိုရီမဟုတ်ဘူး။ ပြီးတော့ အများအားဖြင့် အနည်းနဲ့ အများ ဒီဂရီပဲ ကွဲပြားမယ်၊ ခံစားမှု တူတတ်တာမျိုးပါ။

    နာဂစ်အလွန်ပရိဒေ၀ သောက ကနေ ထုတ်ယူဆင်ခြင်ထိုက်သော၊ အမြင်အဖြစ် ကျနော်က တန်ဖိုးထား ဆွေးနွေးလိုက်ပါတယ်။

    သင်ကာ

  6. @mm thinker - ကိုသင့်ရေ. ပထမဦးဆုံး ပြောချင်တာကတော့ ကျွန်တော့်ဆောင်းပါးကို ကျွန်တော် ကိုယ်တိုင် ပြန်ဖတ်ပြီး ပြောချင်တာတွေ ပြည့်စုံပါပြီလို့ ခံစား နေမိရာကနေ၊ ကိုသင့်ရဲ့ မှတ်ချက်ကို ဖတ်ပြီးမှ “ဟာ. ဒါတွေ လိုနေသေးပါလား” ဆိုတဲ့ ခံစားမှုကို ရလိုက်တဲ့ အပြင် အဲဒီ ခံစားမှုကို ရလိုက်တဲ့ တဒင်္ဂ မှာပဲ .. “ပြောချင်တာတွေ အခုမှပဲ ပြည့်စုံသွားတော့တယ်” ဆိုတဲ့ ခံစားမှု ကိုပါ တပြိုင်နက် ရရှိလိုက်တယ် ဆိုတဲ့ အကြောင်းလေးပါ။

    နောက် ”Religion ကို Outside Factor ကဲတဲ့ လူသားတွေကို ထိန်းကွပ်မှုတစ်ရပ်လို့တောင် မြင်ပါတယ်”.. ဆိုတာနဲ့ ပတ်သက်လို့ အပြည့်အ၀ လက်ခံသဘော တူပါတယ်။ တစ်ကယ်တမ်းတော့ အမှန်တရား အစစ် (Real Truth) မှာ ဘာသာတရား တွေရဲ့ ရောထွေးစပ်ယှက် ခြင်းတွေ မပါဝင်ပါဘူး။

    ဒီဆောင်းပါး တစ်ခုလုံးကို ဘာကြောင့် ဖြစ်လာတယ် ဆိုတဲ့ နောက်ဆုံး သုံးသပ်ချက် ကိုလည်း အပြည့်အ၀မှန်ကန် ပါကြောင်း ပြောလိုက်ပါရစေ။

    နောက်ဆုံး အနေနဲ့ ခံစားမှု (၂) မျိုးကို တပြိုင်နက် ပေးတဲ့ အပြင် ကျွန်တော် ကောင်းကောင်း မွန်မွန် မရောက်ဖူးသေးတဲ့ ရှုထောင့်တစ်ခုကနေ ဖြည့်စွက် ဆွေးနွေးပေးတဲ့ အားရကျေနပ်ဖွယ်၊ အဖိုးတန် ဒီမှတ်ချက်အတွက် ကျေးဇူး အထူးတင်ပါတယ် ဆိုတာ လှိုက်လှိုက်လှဲလှဲ ပြောကြား လိုပါတယ် ခင်ဗျာ။ :)

  7. Good approach and analyzing.
    It’s good to find out who we really are. There are many ideas and cultures that impose us to see them as we are. If we didn’t fully realize those imposing, we could easily lose our identities. Many people think we live in the physical world and forget the influences of ideology that force us to accept/see it as we were. For example, capitalism really force us to think we need materials to be happy. And poor people need rich people so that they can have a job, other than seeing they are part of the corporation and deserve as much as the rich does.

    In my opinion, it’s important to balance reality and psychology existence/needs. There could be no peace if there were no justice because you are not allow to engage in the freedom of thinking nor speech. Thus, you couldn’t be true to yourselves. You always have to act as another person because you could be punished for acting your truly. Human nature doesn’t want punishment (for example jailing for saying the truth, out of job from pointing the truth to the employer), if they didn’t have strong believes or ideology.
    My point is that there is no real peace without justice around you. Human should be able to feel love, hate, anger, sadness, happiness, and many more. They should be able to express freely for what they really feel so that they can be true to themselves and others.
    It would be too selfish to find peace when our surrounding are in woebegone. We should be able to share their tears and sadness. Ignorance is the beginning of the problem in many cases. Those are Just my humble opinion. Hope you don’t mind. As you said there are no absolute truth I’m still searching and learning. Thanks! Peace to be with ya :)

  8. Life Is Uncertain, Death Is Certain!

  9. @ဟန်သစ်ငြိမ် - လာရောက် ဖတ်ရှုခြင်းနဲ့ မှတ်ချက် အတွက် ကျေးဇူးပါ ကိုဟန်သစ် ခင်ဗျာ။ :)

    _____________________________________

    @ Apprenticeship - လွတ်နေတဲ့ ကွပ်လပ် တစ်ခုကနေ ကွဲပြားတဲ့ အမြင် တစ်ခုကို ထပ်မံ ဆွေးနွေး ပေးတဲ့ အတွက် ကျေးဇူးအထူး တင်ရှိပါကြောင်း ပထမ ပြောလိုပါတယ်။ ဆွေးနွေးချက် တစ်ခုလုံး အနေနဲ့ ခြုံကြည့်မယ်ဆိုရင် ဒါ အခြေခံအားဖြင့် သာမန်လူသားတွေ အတွက် မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့် အချက်တွေပါပဲ။ သဘောမတူ နိုင်ဖွယ် တစ်ခုမှ မပါပါဘူးခင်ဗျာ။

    ဒီနေရာ မှာ ကျွန်တော် အနည်းငယ် ဖြည့်စွက် ပြောချင်တာ တစ်ခုကတော့ ”ငါ မှ ငါ” ဆိုတဲ့ အတ္တကို ဗဟိုပြုမှုတွေကြောင့် လောဘတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ ပြင်ပ လုပ်ဆောင်ချက် တွေမှာ၊ အာရုံတွေမှာ မှားယွင်းမှုတွေ ရှိ ကုန်ပြီး မူလရှိပြီးဖြစ်တဲ့ အတွင်းစိတ် ငြိမ်းချမ်းရေး မှာ ညစ်ထေး ကုန်တဲ့ အကြောင်း၊ အဲဒီလို လူတစ်ယောက် ရဲ့ ညစ်ထေးမှုဟာ ကျန်သူအားလုံး နဲ့ သက်ဆိုင်တဲ့ အတွက် ထိုကဲ့ သို့သော အတွင်း စိတ် ညစ်ထေးမှု များ မဖြစ်ပေါ်အောင် ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး တစ်ဦးချင်းစီရဲ့ အတွင်း ငြိမ်းချမ်းရေးကို စတင်သင့်တယ် ဆိုတဲ့ အကြောင်း. အဲဒီ (၂) ချက်က အပေါ်က ဆောင်းပါးရဲ့ ဆိုလိုရင်း ဖြစ်တဲ့ အကြောင်းလေးပါ။ ဒီလို ကိုယ့်ကိုယ်ကို ဗဟိုပြုတဲ့ နေရာမှာ အစစ်အမှန် ရိုးသားခြင်းနှင့် အမှန်တစ်ကယ် ဂုဏ်သိက္ခာရှိရှိ စတင်ရမှာ ဖြစ်ပြီး ချွင်းချက် (Exception) အဖြစ် ချန်ရစ်ထားသူတွေ မပါပါဘူး။ အားလုံး ကိုဆိုလိုပါတယ်။ လူသား အားလုံးကို ဆိုလိုတာပါ။

    ဗုဒ္ဓပြောခဲ့တဲ့ စကားတစ်ခုအရ ပြောရမယ်ဆိုရင် တောနက်ကြီး တစ်ခုအတွင်း မိမိကို အဆိပ်လူးမြှား မှန်တဲ့ အခိုက်၊ အဲဒီ အဆိပ် ဒဏ်ရာကို အရင်မကုမှီ မြှားလာရာလမ်းကြောင်း၊ လေတိုက်နှုန်း၊ ပြင်းအား ဘယ်လောက်နဲ့ ပစ်ခတ်သွားတယ်၊ ပစ်သောသူက ဘာလူမျိုး စတာတွေကို တွက်ချက်နေဖို့ မလို လို့ဆိုပါတယ်။ အရင်ဆုံးလုပ်ရမှာက ကိုယ့် မြှားဒဏ်ရာကို အရင်ကုဖို့ပါ။

    ဆိုလိုတာကတော့ မိမိကို အဆိပ်လူးမြှားနဲ့ တူတဲ့ ကိလေသာ (တဏှာ၊ လောဘ၊ ဒေါသ၊ မောဟ၊ ၀ိစိကိစ္ဆာ အစရှိသည်) အာရုံတွေ ထိမှန်တဲ့ အခိုက် (နေ့စဉ် နေ့တိုင်း လည်း အဲဒီ မြှားဒဏ်တွေက ခံနေကြတာပါ) မိမိစိတ်ကို ပိုပင်ပန်း ညစ်နွမ်းစေတဲ့ဗဟိဒ္ဓိ ပြင်ပအာရုံကို အရင် အာရုံ မပြုပဲ တက်လာတဲ့ မြှားဆိပ်နဲ့ တူတဲ့ လောဘ၊ ဒေါသ၊ မာန်မာန အစရှိတဲ့ မြှားဆိပ်တွေ ကနေ မိမိကို မိမိ အရင် သက်သာရာ ရအောင် လုပ်ကြဖို့ အကြောင်းပါ။

    အဲဒီလို မိမိကိုယ် မိမိ သက်သာရာ ရအောင် လုပ်ပြီး သကာလ မှာ၊ လူတိုင်းလည်း ထိုကဲ့ သို့ မိမိ ရဲ့ အဆိပ်တက် နေတဲ့ စိတ်အညစ်အကြေး တွေကို လျော့ချနိုင်ခဲ့ကြပြီ ဆိုရင် တစ်ယောက်ရဲ့ အစစ်အမှန် ခံစားချက်ကို တစ်ယောက် နားလည်ဖို့၊ မျှဝေခံစားဖို့ လုပ်တဲ့ နေရာ တွေမှာ ပိုမို အသက်ဝင် သွားပါမယ်။ တစ်ယောက် အကြောင်းကို တစ်ယောက် တစ်ကယ့်ကို လေးလေးနက်နက် သဘောပေါက် သွားပါမယ်။

    အကယ်၍ သူ့မှာ အဆိပ်တက် နေခဲ့တယ် ဆိုရင်တောင် ကိုယ့်ရဲ့ အဆိပ်ဖြေဆေး နည်းနာကို ပေးဝေမျှခြင်း အားဖြင့် သူ့အတွက် အမှန်တစ်ကယ် ငြိမ်းချမ်းမှု ကိုရစေ နိုင်မှာပါ။ ဆိုလိုတာက တော့ ဗဟိဒ္ဓိ အာရုံတွေနဲ့ အဆိပ်တက် နေကြသူ အချင်းချင်း ဆက်ဆံနေကြချင်းဖြင့် ပိုမို အဆိပ်တက်လာ နိုင်ပြီး တစ်ဦးမှ စ ထိုအဆိပ်ကို ပြေပျောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီဆိုလျင် အားလုံးအတွက် အဆိပ်ပြေဖို့ မခဲယဉ်းကြောင်းပါ။

    ဒါ့ အပြင် လူတိုင်း မိမိကိုယ်တွင်း အစစ်အမှန် ငြိမ်းချမ်းရေး နှင့် မိမိ၏ အမှန်တစ်ကယ် ဂုဏ်သိက္ခာကို အတွင်းကျကျ တည်ဆောက်ပြီးသော ကာလမှာ သူတို့ကို ဘယ်လို ပြင်ပအာရုံ အကြောက်တရား ကမှ ၊ ဘယ်လို ပြင်ပအာရုံ ညစ်ထေးခြင်း ကမှ ယိုင်နဲ့ ဖို့ မစွမ်းဆောင်နိုင်တော့ပါဘူး။ ဒါ လူအားလုံး တို့ အတွက် အမြဲမှန် ကန်တဲ့ တရားတစ်ခုပါ။ ချွင်းချက်မဲ့ ဖြစ်ပါတယ်။

    နောက်ဆုံး အချုပ်ဆိုရမယ် ဆိုရင်တော့ ကိုယ့်ကိုယ် ကို အရင် ဗဟိုပြုပြီး ငြိမ်းချမ်းခြင်း အကြောင်းကို တွေးတော စဉ်းစားကြည့်ဖို့၊ တည်ဆောက်ကြဖို့ တိုက်တွန်းရ ခြင်းမှာ၊ “အတ္တ“ ကို ဗဟိုမပြုပဲ “အနတ္တ“ ကို ဗဟိုပြုစဉ်းစား ကြဖို့သာ ဖြစ်ကြောင်းနဲ့ ထိုသို့ တိုက်တွန်းရခြင်းမှာ ကိုယ်လွတ်ရုန်း ခိုင်းခြင်း ဆိုသော အဓိပ္ပာယ် မမည်ပါကြောင်း လေးလေးစားစား ဆွေးနွေးလိုက် ရပါတယ်ခင်ဗျား။

    ကျေးဇူးတင်ပါတယ်။ :)

  10. မကောင်းသော စိတ်များ ဖြစ်နေတိုင်း၊ ဖြစ်နေတိုင်းတွင် ထိုအရာတို့ ဖြစ်ကြောင်းကို သိနေခြင်းတည်း ဟူသော သတိရှိနေသမျှ ကာလ ပတ်လုံး သင်သည် ရိုးသားသူ ဖြစ်တော့၏။

    ကောင်းတယ်ဗျာ။ ရေးထားတဲ့ဆောင်းပါးကော၊ ဆွေးနွေးတာတွေပါ တ၀ကြီးဖတ်သွားတယ်ဗျာ။ ဗုဒ္ဓ၀ါဒကို လောကအမြင်နဲ့ ကြည့်ပြီး သုံးသပ်တာကို သဘောကျသဗျ။ အကောင်းဆုံး အနှစ်ချုပ်ကို ရအောင်ခေါ် သွားနိုင်တယ်ဗျာ။ ဗုဒ္ဓဘာသာ=သတိ လို့ဆိုနိုင်တာကိုးဗျ။ အပေါ်က စာပုဒ်ကို မသွားပြီ။

  11. @heartmuseum - ၀င်ရောက် ဝေဖန် ဆွေးနွေးပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ကိုပြတိုက် ခင်ဗျား။ :)
    ကြိုက်ရာကို ယူငင်သုံးစွဲနိုင်ပါတယ်ခင်ဗျာ။

  12. ဒီပို့ စ်က ရှည်ပေမယ့် ပျင်းမသွားဘူး အပိုဒ်တိုင်းမှာ မှတ်သားဖွယ် စကားစုတွေပါနေတယ် ၊တရားသဘောတွေပါသလို သိပ်ပံ ပုံစံရသတွေလည်းပါတယ် ။ ပို့ စ်ကကောင်းလွန်းတော့ ကော့မန့် ပေးရတာ ရှိန်နေတယ် :P ကျနော် အကြိုက်ဆုံး စာပိုဒ်လေး ၂ ခုရှိတယ်ဗျ သေသေချာချာဖတ်ပြီး မှတ်သွားတယ် ။
    ပထမအပိုဒ်က (ဃ) နေ့မြင်ည ပျောက် ဘာကိုမှအစိုးမရပါလားဆိုတဲ့ အတွေးလေးရတယ် ထူးဆန်းလွန်းတဲ့ ကြောက်စရာကောင်းလွန်းတဲ့ ကြမ္မာဆိုးကို ခံစားလိုက်ရတဲ့ သူတွေ အတွက်လည်း တော်၂စိတ်မကောင်းဖြစ်မိတယ် :(

    ဒုတိယအပိုဒ် “လွတ်လပ်မှု၊ ရိုးသားမှု မရှိပဲ စစ်မှန်သော ဂုဏ်သိက္ခာမရှိနိုင်” ဆိုတာလေး လူတစ်ယောက်ရဲ့ သိက္ခာပိုင်းကို ကျနော်တော့ ငွေတွေ ရာထူးတွေနဲ့  မခွဲခြားတက်ဘူး သူ့ ရဲ့ ရိုးသားစွာလုပ်ဆောင်တက်မှု နောက်ပြီးတော့ ရိုးသားစွာနဲ့  နေထိုင်တက်တဲ့သူတစ်ယောက်က သူ့ ပါသာ အလိုအလျှောက် ဂုဏ်ရှိပြီးသားလို့ ထင်ပါတယ် ။

    “စစ်မှန်သော ဂုဏ်သိက္ခာ မရှိသရွေ့ မိမိကိုယ်ကို မလေးစားနိုင်၊ မိမိကိုယ်ကို မလေးစား နိုင်သရွေ့ သူတစ်ပါး တို့အား လေးစားခြင်း အမှုကို မပြုနိုင်“ ဒါလေးကတော့ နားလည်ရလွယ်သလိုပဲ ကိုယ့်ကိုယ်ကို လိပ်ပြာသန့် နေဖို့ အဓိက မိမိကိုယ်ကိုယ် လေးစားဖို့  တမင်လုပ်ယူစရာမလိုပဲ သိက္ခာရှိရှိနဲ့  ပြုမူနေထိုင်ရင် သူတစ်ပါရဲ့ လေးစားခံရမှုကိုရှိနိုင်မှာပါ ။

    ( လူကြီးတွေ ဆွေးနွေးထားတာကို ဘာမှမသိပဲ တက်သလောက်လေး ၀င်ပွားသွားတာ အမှားပါရင် ဆောရီး :P )

  13. @မောင်မျိုး - ကိုမောင်မျိုးရေ. ကိုမောင်မျိုး ရယူသွားတဲ့ အချက်တွေက ကျွန်တော် အဓိကပေးချင်၊ မျှဝေ ချင်တဲ့ အချက်အလက်တွေထဲမှာ အပါအ၀င်ပါပဲဗျာ။

    ဒီဆောင်းပါး တစ်ခုလုံး အတွက် ကျွန်တော့် အနေနဲ့ မျှဝေလိုက်တဲ့ အချက်ကတော့ မသေမှီ၊ နောက် နေတုန်းမှာလည်း တစ်ခုခုကို အဆောတလျင် မဆုံးဖြတ်မှီ လူတိုင်း ကိုယ်စီ၊ ကိုယ်စီ ကိုယ့်ငြိမ်းချမ်းရေးကို အတွင်းကျကျ၊ သေသေချာချာ ကိုယ်တိုင်တည် ဆောက်သင့်တယ် ဆိုတာပါပဲ။ ဒီတည် ဆောက်ဖို့ ဆိုတာကလည်း အပြင်က၀င်လာသမျှ အာရုံတိုင်းကို Sensor နဲ့ တူသော သတိ ဆိုတဲ့ အရာနှင့် အမြဲမပြတ် စစ်ထုတ်ပြီး မှ လက်ခံရယူဖို့၊ ဒါမှ မဟုတ်ပဲ ဒီအတိုင်း လက်ခံလိုက်ရင် အဲဒီ တံခါးမရှိ၊ ဓားမရှိ ၀င်လာတဲ့ အာရုံတစ်ခုကြောင့် ကြောက်စရာရှိရင်လည်း အလွန်အကျွံကြောက်၊ မုန်းစရာရှိရင်လည်း အလွန်အကျွံမုန်း၊ ချစ်စရာ ရှိရင်လည်း အလွန်အကျွံချစ်၊ ဒေါသထွက်စရာ ရှိရင်လည်း အလွန်အကျွံဒေါသထွက် နဲ့ သေသေချာချာတွေးကြည့်လေ ကိုယ့် စိတ်မှာ Sensor မရှိတဲ့ အတွက် ဒီလို ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရနေပြီး ကိုယ့်ရဲ့ အစစ်အမှန် ဂုဏ်သိက္ခာ (Dignity) ပျက်ယွင်းပြီး ကိုယ်ရော စိတ်ပါ ပင်ပန်းမှုတွေ ဖြစ်နေတယ် ဆိုတာ သေချာလေပါပဲ။

    အဲတော့ အဲဒီ Sensor နဲ့တူသော သတိ ကို ကိုယ့်စိတ်တံခါးဝ မှာ တပ်ဆင်လိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို လွတ်လပ်သူ၊ စိတ်အမျိုးမျိုးတို့၏ အနှောင်အတည်းမှ လွတ်မြောက်သူ၊ ငြိမ်းချမ်းသူ၊ မိမိကိုယ်ရော သူတစ်ပါးတို့ကို ပါ လေးလေးစားစား ဆက်ဆံနိုင်သော သူဖြစ်ပြီး သကာလ လူ့ဘောင်လောကကြီး တစ်ခုလုံး လူတိုင်း မိမိကိုယ်ကို ဤသို့ဖြစ်စေခြင်းဖြင့် ပိုမို ငြိမ်းချမ်း အကျိုးများဖွယ်ရာ ရှိတယ် ဆိုတဲ့ အကြောင်း ထပ်ဆင့် ဆွေးနွေးလိုက် ရကြောင်းပါဗျာ။

    လာရောက် ဝေဖန် ၀င်ရောက်ဆွေးနွေးတဲ့ အတွက် ကျေးဇူးအထူးပါ ခင်ဗျား။ :)

    (အမှန်တော့ ကျွန်တော်ကိုယ်တိုင်လည်း ပြည့်စုံသေးသူ မဟုတ်ပါဘူးခင်ဗျာ။ ဒီဆောင်းပါး တစ်ပုဒ်ရေးသားပြီး အဲဒီကရတဲ့ စာဖတ်သူတွေရဲ့ မှတ်ချက်တွေက တဆင့်လည်း ကျွန်တ်ာသင်ယူ လေ့လာ နေခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် ဘာမှ စိုးရိမ်ဖွယ် မရှိပါဘူး ကိုမောင်မျိုးရေ။ :) )

  14. သိပ်တန်ဖိုးရှိတဲ့ ပို့စ်တွေထဲက ၁ခုပေါ့ဗျာ။ ကျွန်တော်ဘာမှ ရှည်ရှည်ဝေးဝေး comment မပေးတော့ဘူး။ ခင်ဗျားလည်း မောလှပြီ။ လာသမျှလူ ပြန်ပြီးဆွေးနွေးနေရတာ။ ကျွန်တော်ဒီတစ်ခါတော့ သဘောတူညီစွာနှင့် passive listener လုပ်လိုက်တော့မယ် ။ =)

    Rgds,
    WaiPK

  15. @Wai Phyo - ကျေးဇူးပါဗျာ။ အချိန်မရတဲ့ကြားက လာအားပေးတဲ့ အတွက်။ :)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>